Sports Myanmar

သူ ဆက်ထိန်းထားချင်ပေမယ့် ၊ ရောင်းထုတ်ခံရနိုင်တဲ့ ချဲလ်ဆီး စတား တဦးရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ မာရက်စ်ကာ

 

ချဲလ်ဆီး အသင်းဟာ လက်ရှိ နွေရာသီ ဈေးကွက် အတွင်း ကစားသမား ဝယ်ယူမှုနဲ့ ရောင်းထုတ်မှု အများဆုံး လုပ်ထားတဲ့ ကလပ် အဖြစ် ရပ်တည်နေပြီး ၊ ဈေးကွက် ပိတ်သိမ်းဖို့ ၁၀ရက်သာသာပဲ လိုတော့တဲ့ အချိန် အထိ အပြောင်းအရွှေ့ ဆက်လုပ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ် ။

ကစားသမား အရေအတွက် အယောက် ၃၀ကျော် ရှိနေတဲ့ ချဲလ်ဆီးမှာ ဖောင်းပွတဲ့ လူစာရင်းကို လျှော့ချဖို့ ၊ ကစားသမား တချို့ကို အသင်းသစ် ရှာဖွေဖို့ လမ်းဖွင့်ပေးထားတဲ့ အထိ ဖြစ်နေပါတယ် ။ ပထမအသင်း ထရိန်နင်မှာ ပါဝင်တဲ့ ကစားသမား အယောက် ၂၀ဝန်းကျင်က လွဲရင် ၊ ကျန်တဲ့ ခြင်္သေ့ပြာ အသင်းသားတွေဟာ အနာဂတ် မသေချာမှုနဲ့ ရင်ဆိုင်နေရပါတယ် ။

ယနေ့မနက်က ကစားသွားတဲ့ ဆာဗက်နဲ့ ကွန်းဖရန့်လိဂ် play-off ပထမအကျော့ပွဲမှာတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲတုန်းက ပါဝင်ခွင့် မရတဲ့ ကစားသမား တချို့ ကိုယ်စီ ကစားခွင့် အသီးသီး ရခဲ့ကြပါတယ် ။ ထိုအထဲမှာ ဒုတိယဂိုး သွင်းနိုင်ခဲ့တဲ့ တောင်ပံ ကစားသမား နွန်နီ မက်ဒူးကီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက မက်ဒူးကီကို သူ့အနေနဲ့ ဆက်ထိန်းထားချင်ပေမယ့် ၊ ဈေးကွက် ဖွင့်နေသ၍တော့ ရောင်းထုတ်ခံရနိုင်ခြေ ရှိသေးကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ဖွင့်ဟလာပါတယ် ။

မာရက်စ်ကာ က ” နွန်နီကို ကျွန်တော် တကယ် ကြိုက်ပါတယ် ။ သူနဲ့ ပတ်သက်တဲ့ တခုတည်းသော ပြဿနာက တပတ်လုံး ပြုလုပ်တဲ့ ထရိန်နင်တိုင်းမှာ သူ့အနေနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြဖို့ လိုတယ် ဆိုတာပါပဲ ။ ဒါပေမယ့် သူဟာ ကစားသမားကောင်း တယောက် ဖြစ်ပြီး ၊ ကျွန်တော်တို့နဲ့ အတူ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြနေပါတယ် ။ ”

” ဟုတ်ပါတယ် ။ ( သူ့ကို ဆက်ထိန်းထားချင်တာ ) အသေအချာပါပဲ ။ အမှန်တရားက အပြောင်းအရွှေ့ ဈေးကွက်က ဆက်ဖွင့်နေဆဲ ဖြစ်တာကြောင့် ၊ ဘာမဆို ဖြစ်သွားနိုင်ပါတယ် ။ ဒါပေမယ့် နွန်နီဟာ ကျွန်တော် သဘောကျတဲ့ ကစားသမား ပုံစံမျိုး ဆိုတာ သေချာပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မာရက်စ်ကာ က ပထမပိုင်း အပြီး ချဲလ်ဆီး ပရိသတ်တွေ Boo လုပ်ခဲ့ကြတဲ့ အပေါ် ” မက်ဆေ့ချ်က ခပ်ရှင်းရှင်းပါပဲ ။ ကျွန်တော်တို့ဟာ ပွဲကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ လေ့လာနေဆဲ အခြေအနေမှာပဲ ရှိပါသေးတယ် ။ တချို့ အခိုက်အတန့်တွေမှာ ဒီဖက်ခြမ်းမှာ လုပ်ပြတဲ့ အရာအတိုင်း ၊ တခြားတဖက်မှာ လုပ်ပြဖို့ လိုနေတာမျိုးပါ ။ ”

” ဘောလုံး တတ်နိုင်သမျှ ကိုင်တဲ့ ရည်ရွယ်ချက်က မှန်ကန်ပါတယ် ။ အထူးသဖြင့် ခင်ဗျား ပွဲကို ၂ – ၀ နဲ့ ဦးဆောင်ထားတဲ့အခါမျိုးမှာပေါ့ ။ ဒီတော့ ရည်ရွယ်ချက်က ကောင်းပေမယ့် ၊ မကောင်းတာက ပွဲပြီးခါနီး ၁၀မိနစ် ၊ ၁၅မိနစ် အလို ကိုယ့်ကွင်းဖက်ခြမ်းမှာ ဘောလုံးထိန်းဖို့ ကြိုးစားခဲ့တာပါ ။ ”

” ကျွန်တော်တို့ အနေနဲ့ ပြိုင်ဖက် ကွင်းဖက်ခြမ်းမှာ ဘောလုံးထိန်းဖို့ ကြိုးစားခဲ့သင့်ပါတယ် ။ ဒါကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ။ ဒါပေမယ့် အရေးကြီးတဲ့ အရာက နိုင်ပွဲနဲ့ Clean Sheet ရဖို့ပါ ။ ကျွန်တော်တို့ ပွဲထွက်စာရင်းကို ၉နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။ ”

” ရီနာတို ( ဗေဂါ ) ၊ အိတ်ဆဲလ် ( ဒီဆာဆီ ) ၊ ပတ်ဒရို ( နက်တို ) ၊ မာ့ခ် ( ဂီယူး ) ၊ ဖိလစ် ( ယော်ဂင်ဆန် ) တို့လို ဒီရာသီ ပထမဆုံး ပွဲထွက်ခွင့် ရတဲ့ ကစားသမားတွေ ရှိခဲ့ပါတယ် ။ ဒီတော့ ကောင်းတဲ့ အရာတွေ အများကြီးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar