
ချဲလ်ဆီး အသင်းဟာ နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ ၊ ပိုလျှံနေတဲ့ ကစားသမားတွေကို တတ်နိုင်သလောက် ရှင်းထုတ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ် ။ ထိုအထဲမှာ အင်္ဂလန် ဝါရင့် တောင်ပံကစားသမား ရာဟင်း စတာလင်လည်း တဥၤီး အပါအဝင် ဖြစ်ပါတယ် ။
အသက် ၂၉နှစ် အရွယ်ရှိ စတာလင်ဟာ အမေရိကန် ခြေစမ်း ခရီးစဉ်မှာ လိုက်ပါခဲ့သည့်တိုင် ၊ ရာသီသစ် မစတင်ခင် ၂ရက် အလိုမှာ နည်းပြသစ် အန်ဇို မာရက်စ်ကာမှ ၎င်းကို အနာဂတ် အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ မက်ဆေ့ချ် ပေးခြင်းခံခဲ့ရပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး စတာလင်နဲ့ သူ့ရဲ့ အသိုင်းအဝိုင်းက မကျေမနပ် ဖြစ်ခဲ့ကာ ၊ Statement ထုတ်ပြန်တဲ့ အခြေအနေ အထိ ရောက်ခဲ့ရပါတယ် ။ အခုအခါမှာတော့ ၎င်းဟာ အသင်းသစ် တသင်း အလျင်အမြန် ရှာဖွေဖို့ ကြိုးစားနေရပြီး ၊ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ စတာလင်ဟာ ချဲလ်ဆီးရဲ့ မလေးမစား ဆက်ဆံခြင်းကို ခံခဲ့ရတယ်လို့ ကောက်ချက်ချလိုက်ပါတယ် ။
BetFair နဲ့ တွေ့ဆုံရာမှာ ရှီးယား က ” ရာဟင်း စတာလင် အပေါ် သူတို့ရဲ့ လုပ်ရပ် အပေါ် ကျွန်တော် မနှစ်မြို့ပါဘူး ။ ဒါက အရမ်း မလေးမစားလုပ်ရာကျပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကြီးကြီးကျယ်ကျယ် မလုပ်ပြနိုင်ခဲ့တာ ဟုတ်ပါတယ် ။ ဒါပေမယ့် ကစားသမားတွေရဲ့ လိုအပ်ချက်နဲ့ သူတို့ကို သဘောထား ဆက်ဆံတဲ့ နည်းလမ်းကလည်း ရှိပါသေးတယ် ။ ”
” ကစားသမားတွေကို ထုတ်ရောင်းခြင်းနဲ့ ဖြေရှင်းလို့ ရတဲ့ နည်းလည်း ရှိပါတယ် ။ ချဲလ်ဆီးမှာ ဖြစ်ပျက်နေတာတွေကိုက ကြောင်တောင်တောင်ပါ ။ ကော်နာ ဂေါ်လဂါ ဖြစ်ရပ်မှာလည်း သူ လေယာဉ်နဲ့ အက်သလက်တီကိုဆီ ထွက်တဲ့အချိန်မှာ သူတို့ဟာ ဆမ်မြူ အိုမိုရိုဒီယွန်ကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ”

” နောက်တော့ ဒီအပြောင်းအရွှေ့ကလည်း ပျက်ခဲ့ပါတယ် ။ တချိန်တည်းမှာ ဂေါ်လဂါလည်း ချဲလ်ဆီးကို ခဏ ပြန်လာခဲ့ရပါတယ် ။ သူတို့ နောက်ထပ် တိုက်စစ်မှူး တယောက် မလိုတော့ဘူးလို့ ပြောနေတဲ့ကြားက ၊ ရုတ်တရက်ဆိုသလိုပဲ ‘ အိုကေ ၊ ငါတို့ အက်သလက်တီကိုဆီ သွားပြီး ၊ ဂျိုဝေါင် ဖဲလစ်ကို ခေါ်လို့ ရမရ စမ်းကြည့်မယ် ‘ ဆိုပြီး စဉ်းစားခဲ့ပြန်ပါတယ် ။ ”
” ဒီတော့ ဂေါ်လဂါဟာ အက်သလက်တီကိုဆီ မပြောင်းနိုင်ခင် ဖဲလစ်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာတာကို စောင့်ဆိုင်းခဲ့ရပါတယ် ။ အဲဒီအချိန်မှာ ချဲလ်ဆီးက ရာဟင်း စတာလင်ကို အလိုမရှိတော့ဘူးလို့ ပြောပြီး ၊ အသင်းသစ် ရှာဖို့ စေခိုင်းခဲ့ပါတယ် ။ ဒီအထိ အဆင်ပြေပါသေးတယ် ။ ”
” ဒါမျိုးက တခါတလေ ဘောလုံးမှာ ဖြစ်တတ်ပါတယ် ။ နည်းပြသစ် တယောက် ရောက်လာပြီး ၊ သူက ခင်ဗျားကို မနှစ်သက်ဘူး ၊ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ ဒါပေမယ့် ရာသီသစ် စခါနီး ၂ရက်အလိုမှာမှ တစုံတယောက်ကို ‘ မင်း အသင်းမှာ မပါတော့ဘူး ၊ တပတ်အတွင်း အသင်းသစ် ရှာလိုက် ‘ လို့ ပြောတာက အရမ်း အရမ်း မလေးမစား လုပ်ရာကျပါတယ် ။ ”
” ဒါဟာ ပရော်ဖက်ရှင်နယ် တဦးကို ပြုမူဆက်ဆံတဲ့ နည်းလမ်း အမှန် မဟုတ်ပါဘူး ။ ဒါဟာ ချဲလ်ဆီးတို့ ခုအချိန်မှာ လုပ်နေတဲ့ ပုံစံမျိုးပါပဲ ။ ကစားသမားတွေရော ၊ နည်းပြရော ဒါကို လက်ခံရပါတယ် ။ ဒီကလပ်က တဦးတယောက်မှ ဘောလုံး အသင်း တသင်းကို ဘယ်လို လည်ပတ်အောင် လုပ်ရမလဲ ဆိုတာ မသိကြပါဘူး ။ ”

” ဒါက ဘယ်လိုမှ မကောင်းပေမယ့် ၊ ဒါမျိုး ဖြစ်နေတာပါ ။ ခင်ဗျား တတ်နိုင်သလောက် ကြိုးစား လက်ခံရမှာပါပဲ ။ ဘာလို့လဲဆိုတော့ ခင်ဗျား ကိုယ်၌က ဒီအသင်းကို ရောက်နေတော့ ၊ ဒါမျိုး ကြုံရမှာမို့လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ရှီးယားက စတာလင် အတွက် ပြောင်းရွှေ့ကြေးနဲ့ လစာပမာဏကို အခုအချိန်မှာ တတ်နိုင်တဲ့ ကလပ် အရေအတွက် အလွန်နည်းပါးနေပေမယ့် ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရထားတဲ့ အက်စ်တွန် ဗီလာနဲ့ ဆိုရင်တော့ လိုက်ဖက်မှု ရှိလိမ့်မယ်လို့ သုံးသပ်သွားပါတယ် ။
ရှီးယား က ” ရာဟင်း စတာလင် အခုအချိန်မှာ ကြုံနေရတဲ့ ပြဿနာက သူ့ကို ဘယ်အသင်းက ဝယ်ဖို့ တတ်နိုင်မလဲ ဆိုတာပါ ။ လစာအရ ချဲလ်ဆီးဟာ သူ့အတွက် တစိတ်တပိုင်း ကျခံပေးဖို့ လိုပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ စာချုပ် ၃နှစ် ကျန်နေသေးလို့ပါ ။ ဒီစာချုပ် ရှိနေသ၍ အခု သူ့ကို ဆက်ဆံပုံအရ ဘာနစ်နာကြေးမှ မရပဲ ၊ သူ ဒီကနေ လုံးဝ ထွက်မှာ မဟုတ်ပါဘူး ။ ”
” မေးစရာ ရှိတာက ချဲလ်ဆီးက သူ့ကို လက်ကျန် လစာကို လုံလုံလောက်လောက် ပေးချေပြီး ထွက်ခိုင်းမှာလား ဆိုတာပါပဲ ။ ဒီလိုဆို သူတို့ဟာ လာမယ့်နှစ်တွေမှာ ဒီပြဿနာမျိုး ဆက်တိုက် ကြုံရပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့ အမြင်အရ ရူးလောက်စရာ ကောင်းတဲ့ ၆နှစ် ၊ ၇နှစ် ၊ ၈နှစ် ၊ ၉နှစ်တွေနဲ့ ကစားသမားသစ်တွေကို စာချုပ်ချုပ်ထားလို့ပါ ။ ”
” စတာလင် ကိုယ်တိုင်ကရော ဒီထက် နည်းတဲ့ လစာနဲ့ တခြား ကလပ် တသင်းဆီ ပြောင်းနိုင်ပါ့မလား ? လာမယ့် ၇ရက်ဝန်းကျင် ဒီအပြောင်းအရွှေ့ ဖြစ်မဖြစ် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ သူဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ခြေစွမ်း မကောင်းခဲ့တာ ယုံမှားသံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” ဒါပေမယ့် သူ့မှာ အရည်အချင်း ရှိနေဆဲ ဖြစ်ပြီး ၊ ကမ်းလှမ်းမှုတွေ အများကြီး လုပ်နိုင်ပါသေးတယ် ။ သူဟာ တသင်းသင်း အတွက်တော့ ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါလိမ့်မယ် ။ အပြီးသတ် ခေါ်တာပဲ ဖြစ်ဖြစ် ၊ အငှား ခေါ်တာပဲ ဖြစ်ဖြစ်ပေါ့ ။ ပရီးမီးယားလိဂ်မှာဆိုရင်တော့ သူဟာ အက်စ်တွန်ဗီလာမှာ ကောင်းကောင်း ကစားပြနိုင်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR