
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခုနှစ် နွေရာသီ ဈေးကွက် အတွင်း ကစားသမား အင်အားဖြည့်တင်းမှု ပိုမို အားရစရာကောင်းလာပေမယ့် ၊ တချို့နေရာတွေကို ဖြည့်တင်းဖို့ လိုနေသေးကာ ၊ ထိုအထဲမှာ ညာတောင်ပံတိုက်စစ်လည်း တနေရာ အပါအဝင် ဖြစ်ပါတယ် ။
လက်ရှိ သရဲနီ ညာတောင်ပံမှာ အင်္ဂလန် ကြယ်ပွင့် ဂျေဒွန် ဆန်ချို ရှိနေသေးပေမယ့် ၊ ၎င်းဟာ နည်းပြ အဲရစ် တမ်ဟဂ်ရဲ့ ကစားသမား စာရင်းထဲမှာပင် မပါဝင်တော့တာကြောင့် ၊ ရောင်းထုတ်ခံရဖို့ ပိုမို နီးစပ်မှုတွေ ရှိလာပါတယ် ။

ဒါကြောင့် ဒေါင်ဒေါင်မြည် ညာတောင်ပံ ကစားပေးနိုင်သူတွေ ဆိုလို့ အန်တိုနီနဲ့ အာမတ် ဒီယာလိုတို့သာ ရှိနေပါတယ် ။ လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါကတော့ မန်ယူနိုက်တက်ဟာ နောက်နှစ် နွေရာသီမှာ ချဲလ်ဆီးတို့ အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကိုးလ်ပါလ်မာကို ခေါ်လိမ့်မယ်လို့ အံ့အားသင့်ဖွယ် ခန့်မှန်းသွားပါတယ် ။
Sky Sports ရဲ့ The Overlap အစီအစဉ်မှာ ကာရေဂါ က ” ကျွန်တော အတွေးထဲ အခုပဲ တခုခု ရောက်လာပါတယ် ။ ချဲလ်ဆီးသာ နောက်ထပ် ဆိုးရွားတဲ့ ရာသီ တခု ဖြတ်သန်းရမယ်ဆိုရင် ကျွန်တော်တို့ အစောပိုင်းမှာ ဆွေးနွေးနေခဲ့တာ မန်ချက်စတာ ယူနိုက်တက်ဟာ ညာတောင်ပံမှာ အဓိက ပြဿနာ ကြုံနေတာပါ ။ ”
” သူ ( ပါလ်မာ ) ဟာ အမာခံ မန်ယူနိုက်တက် ပရိသတ် မဟုတ်လား ? နောက် ၁၂လလောက်ဆို ညာတောင်ပံ နေရာမှာ တိုးတက်မှု မရှိလာဘူးဆိုရင် ပါလ်မာကို ခေါ်ဖို့ ယူနိုက်တက်တို့ စဉ်းစားသင့်တယ် မဟုတ်လား ? ”
” ခင်ဗျားတို့ သိကြလား ? ကျွန်တော်တော့ ဒါက ဖြစ်နိုင်တယ်လို့ ထင်ပါတယ် ။ ဟုတ်ပါတယ် ။ ကိုးလ်ပါလ်မာ မန်ယူနိုက်တက်ဆီကို ပြောင်းနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ပါလ်မာဟာ မကြာသေးခင်ကမှ ချဲလ်ဆီးနဲ့ အတူ ၂နှစ် သက်တမ်းတိုး နိုင်ခဲ့လို့ ၊ ၎င်းရဲ့ စာချုပ် သက်တမ်းက ၉နှစ်အထိ ကျန်ရှိနေပါတယ် ။
PFA တနှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုကို ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ပါလ်မာဟာ စာချုပ်သစ် ချုပ်ခဲ့ပြီးနောက် ၊ ချဲလ်ဆီးနဲ့ အတူ ဆုဖလား တခုခု ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း အခုလို ဖွင့်ဟခဲ့ဖူးပါတယ် ။
ပါလ်မာ က ” စာချုပ်သစ်နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်း စိတ်လှုပ်ရှားမိပါတယ် ။ ဒါကို ခင်ဗျားတို့လည်း ပြောနိုင်ကြမှာပါ ။ အပြုံးတွေက ကျွန်တော့ မျက်နှာပေါ်က ပျောက်မသွားသေးပါဘူး ။ စာချုပ်သစ် ချုပ်နိုင်ခဲ့တဲ့ အပေါ် ကျွန်တော် အမှန်တကယ် ပျော်ရွှင်မိပါတယ် ။ ”
” ဒီအဆောက်အအုံဆီကို ကျွန်တော် စတင် လျှောက်ဝင်ခဲ့တဲ့ ပထမဆုံးနေ့က စပြီး ၊ ဒီမှာ နေရတာ အမှန်တကယ် အဆင်ပြေတယ်လို့ ခံစားခဲ့ရပါတယ် ။ အထိုင်ကျပြီးတဲ့နောက် ချဲလ်ဆီးမှာ ကျွန်တော် အချိန် အကြာကြီး ဆက်ရှိတော့မယ် ဆိုတာ သိရတော့ ဒါက ကျွန်တော့ အတွက် အဓိပ္ပာယ် အများကြီး ရှိပါတယ် ။ ”
” ပြီးခဲ့တဲ့ နွေရာသီ ကျွန်တော် ဒီကို ပြောင်းလာတဲ့ အချိန်က ဒါဟာ ကျွန်တော့ အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့ ဆိုတာ လူတိုင်း သိကြပါတယ် ။ ကျွန်တော်ဟာ ဒီမတိုင်ခင်က ကလပ် တသင်းတည်းမှာ ကစားလာခဲ့ပေမယ့် ၊ အတွေ့အကြုံသစ် တခု ကျွန်တော် ရချင်ခဲ့ပါတယ် ။ ”
” အခုဆို ကျွန်တော် အချိန် နောက်ပြန်လှည့်ကြည့်တဲ့ အခါ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက် တခု ဖြစ်ခဲ့တယ် ဆိုတာ သိလိုက်ရပါတယ် ။ ချဲလ်ဆီးကို ပြောင်းလာနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်သလို ၊ ချဲလ်ဆီးမှာ နေရတဲ့ ကျွန်တော့ရဲ့ ဘဝကိုလည်း သဘောကျ နှစ်သက်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ရာသီက ကျွန်တော့ တဦးတည်း အတွက် အံ့သြဖွယ်ပါပဲ ။ အသင်းမှာ ယုံကြည်မှု ရရှိထားတယ်လို့ ကျွန်တော် ခံစားခဲ့ရသလို ၊ ဒီမှာ ကစားရတာကို အမှန်တကယ် နှစ်ခြိုက်ခဲ့ပါတယ် ။ ဒါက ကျွန်တော့ကို ရာသီသစ် အတွက် စိတ်လှုပ်ရှားစေသလို ၊ အသင်းလိုက် အနေနဲ့ ဒီနှစ်မှာ ကျွန်တော်တို့ အောင်မြင်မှု တခုခု ရယူနိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR