Sports Myanmar

အတွဲအဖက် မိဖို့ လိုသေးတယ်လို့ ချဲလ်ဆီး စတား ၂ဦးထံ သတိပေးသွားတဲ့ ဖရန့် လီဘို့ဖ်

 

ချဲလ်ဆီး အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိ ချန်ပီယံ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝုလ်ဗ်နဲ့ အဝေးကွင်းပွဲမှာ အံ့သြဖွယ် ဒုတိယပိုင်း စွမ်းဆောင်ရည်နဲ့ အတူ ဂိုးဒါဇင်ဝက် သွင်းပြီး ၂ – ၆ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

တိုက်စစ် အတွက် ဒီရလဒ်က အပေါင်းလက္ခဏာ အများကြီး ဆောင်ခဲ့ပေမယ့် ၊ ခံစစ်အရတော့ ချဲလ်ဆီးမှာ လိုအပ်ချက်များစွာ ရှိခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာ ချဲလ်ဆီးဟာ ဝုလ်ဗ်ကို ၂ဂိုးသာ ပေးခဲ့ရတာ အတော်လေး ကံကောင်းခဲ့ပါတယ် ။

နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ဗဟို ခံစစ်မှာ အဓိက တွဲဖက်ကစားခွင့် ရထားတဲ့ လီဗိုင်း ကိုဝဲလ်နဲ့ ဝက်စ်လေ ဖိုဖာနာတို့ဟာ ရာသီကြို ကာလမှာကတည်းက အခုအချိန်အထိ အတူတကွ ကစားထားရပေမယ့် ၊ အတွဲအဖက်မိဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ကိုဝဲလ်နဲ့ ဖိုဖာနာတို့ဟာ ကစားပုံချင်း တူတဲ့ ခံစစ်မှူးတွေ ဖြစ်ကြောင်းနဲ့ အတွေ့အကြုံ နည်းပါးခြင်းက ၎င်းတို့ကို အတွဲအဖက်မိဖို့ ရုန်းကန်ရစေလို့ ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ထင်မြင်ချက် ပေးသွားပါတယ် ။

လီဘို့ဖ် က ” တခါတလေကျရင် ဗဟိုခံစစ်မှာ အတွဲအဖက်ကောင်း တခု ဖြစ်လာဖို့ ဆိုတာ ခံစစ်မှူး တယောက်နဲ့ တယောက်က လုံးဝ ကွဲပြားခြားနားတဲ့ ကစားပုံ စတိုင်လ်မျိုး ရှိဖို့ လိုပါတယ် ။ တယောက်ကို တယောက် ခုခံ ကာကွယ်ပေးရပါမယ် ။ မတူညီတဲ့ အရည်အချင်းတွေ ရှိခြင်းက အတွဲအဖက်ကောင်း တခု ဖြစ်အောင် အမြဲ ပံ့ပိုးပေးပါတယ် ။ ”

” အခုအချိန်အထိတော့ သူတို့ဟာ အသင်း အတွက် အများကြီး မကူညီပေးနိုင်သေးပါဘူး ။ ဘာလို့လဲဆိုတော့ အဖွင့် ၂ပွဲမှာပဲ သူတို့ ၄ဂိုး ပေးထားရလို့ပါ ။ ဒါက များလွန်းပါတယ် ။ ဒါပေမယ့် ဒီလို ဂိုးတွေ ပေးထားရတာက သူတို့ကြောင့်ချည်းပဲ မဟုတ်ပါဘူး ။ ”

” သူတို့ဟာ တခြား အသင်းဖော်တွေနဲ့လည်း အတွဲအဖက်မိဖို့ နည်းလမ်းတွေ ရှာဖွေရပါမယ် ။ ဂိုးသမားနဲ့ ဖြစ်ဖြစ် ၊ ကွင်းလယ်လူတွေနဲ့ ဖြစ်ဖြစ်ပေါ့ ။ ဒါက ၂ယောက်တည်းနဲ့ အလုပ်ဖြစ်မယ့် အရာမျိုး မဟုတ်ပါဘူး ။ သူတို့ဟာ ကြီးကျယ်တဲ့ အရည်အချင်းရှိ ကစားသမားတွေပါ ။ ဒီအတွက် သံသယ ဖြစ်စရာ မရှိပါဘူး ။ ”

” ဖိုဖာနာနဲ့ ကိုဝဲလ်ဟာ ကြီးကျယ်တဲ့ ကစားသမားတွေပါ ။ ဒါပေမယ့် သူတို့ဟာ အသက် အရမ်း ငယ်လွန်းပါတယ် ။ တခါတလေမှာ ဒါက ခက်ပါတယ် ။ ဘာလို့လဲဆိုတော့ အထူးသဖြင့် ဒီနေရာမှာ ခံစစ်မှူး အများစုဟာ အတွေ့အကြုံ လိုအပ်လို့ပါ ။ သူတို့ဟာ ငယ်ရွယ်တယ် ၊ အရမ်း ထက်မြက်ပါတယ် ။ ”

” ကြံ့ခိုင်မှု အရ ၊ နည်းစနစ် အရလည်း သူတို့တွေ တော်ကြပါတယ် ။ ဒါပေမယ့် သူတို့မှာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိမနေပါဘူး ။ ဒါကို ကျွန်တော်တို့ ခံစားမိနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar