
ချဲလ်ဆီး အသင်းဟာ ယမန်နေ့ညကပဲ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု အဆင့် အတွက် ၎င်းတို့ရဲ့ အပြီးသတ် ကစားသမားစာရင်းကို တရားဝင် ထုတ်ပြန်သွားခဲ့ပြီး ၊ အားအထားရဆုံး ကစားသမား ဖြစ်တဲ့ ကိုးလ်ပါလ်မာကတော့ ထိုစာရင်းထဲ ပါဝင်လာခဲ့ခြင်း မရှိပါဘူး ။
ချဲလ်ဆီးဟာ ဒီမတိုင်ခင်ကမှ ကွန်းဖရန့်လိဂ် အတွက် Play-off ခြေစစ်ပွဲ ၂ကျော့ ကစားခဲ့ရာမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ကျော့ပေါင်း ရလဒ် ၃ – ၂ နဲ့ နိုင်ခဲ့ပေမယ့် ၊ ဒုတိယအကျော့မှာ အတော်လေး ခက်ခက်ခဲခဲ ကစားရခဲ့ရပြီး ၊ ၂ – ၁ နဲ့ ရှုံးခဲ့သည့်တိုင် ပထမအကျော့မှ ၂ – ၀ အနိုင်ရလဒ်ကြောင့် ကွန်းဖရန့်လိဂ် ယှဉ်ပြိုင်ခွင့် ရသွားတာ ဖြစ်ပါတယ် ။

ထိုပွဲမှာ ကိုးလ်ပါလ်မာ တယောက် လူစားဝင် ကစားခဲ့ရပေမယ့် ၊ အခုအခါ ချဲလ်ဆီးရဲ့ ကွန်းဖရန့်လိဂ် အုပ်စုပွဲတွေကို ပါလ်မာ ကစားခွင့် ရှိတော့မှာ မဟုတ်ပါဘူး ။ ၎င်းအပြင် ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ် ကစားသမားစာရင်းမှာ ပြီးခဲ့တဲ့ ရာသီ တလျှောက် ကာလရှည် ဒဏ်ရာ ရခဲ့ကြတဲ့ ကွင်းလယ်လူ ရိုမီယို လာဗီယာနဲ့ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာတို့ကိုလည်း ထည့်သွင်းခဲ့ခြင်း မရှိပါဘူး ။
အကြောင်းကတော့ ချဲလ်ဆီးဟာ ယခုနှစ် ရာသီမှာ ပွဲအရေအတွက် ပိုများနေတာကြောင့် ပြီးခဲ့တဲ့ ရာသီ တလျှောက် ပွဲတွေ ဆက်တိုက် ကစားထားရတဲ့ ပါလ်မာကို နားချိန် ပိုပေးလိုတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ် ။ ဒါဟာ ၎င်းရဲ့ ကြံ့ခိုင်မှု အနေအထားကို ပိုပြီး တည်တံ့စေမှာ ဖြစ်သလို ၊ ၎င်းကို ဒဏ်ရာ ရနိုင်ခြေ ပိုပြီး နည်းပါးစေမှာ ဖြစ်ပါတယ် ။
တဖက်မှာ လာဗီယာနဲ့ ဖိုဖာနာကလည်း နည်းပြသစ် အန်ဇို မာရက်စ်ကာရဲ့ အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်တဲ့အပြင် ၊ မနှစ်က ကာလရှည် ဒဏ်ရာ ပြဿနာတွေကြောင့် ဒီရာသီမှာ မလိုအပ်ပဲ ၎င်းတို့ကို ပွဲအရေအတွက် အများအပြား မကစားစေချင်တဲ့ ရည်ရွယ်ချက်မျိုး မြင်တွေ့ရပါတယ် ။

ပါလ်မာ ၊ လာဗီယာနဲ့ ဖိုဖာနာတို့ဟာ ကွန်းဖရန့်လိဂ်ရဲ့ အုပ်စုအဆင့်ပွဲတွေကိုသာ ကစားခွင့် မရှိကြတာ ဖြစ်ပြီး ၊ ရှုံးထွက်အဆင့် ရောက်တဲ့အခါ နောက်ထပ် ၃နေရာ အပြောင်းအလဲ လုပ်ခွင့် ရှိလို့ ၊ အရေးကြီးတဲ့ အဆင့်မှာမှ ၎င်းတို့ကို စတင် အသုံးပြုဖို့ ချဲလ်ဆီးဖက်က ပစ်မှတ်ထားဟန် တူပါတယ် ။
ချဲလ်ဆီးဟာ ကွန်းဖရန့်လိဂ် အဖွင့်ပွဲ အဖြစ် ဘယ်လ်ဂျီယမ် ကလပ် ဂန့်အသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပြီး ၊ ဘွန်ဒက်စ်လီဂါ ကလပ် ဟိုင်ဒင်ဟိမ်း ၊ ကာဇတ်စတန် ကလပ် အက်စ်တာနာ ၊ အိုင်ယာလန် ကလပ် ရှမ်းရော့ခ်ရိုးဗားစ် ၊ ဂရိကလပ် ပန်နာသီနိုင်ကော့စ် ၊ အာမေးနီးယား ကလပ် နိုအာ အသင်းတို့ဟာ ချဲလ်ဆီးရဲ့ အုပ်စုမှာ ပါဝင်နေကြပါတယ် ။
ကွန်းဖရန့်လိဂ် အုပ်စုအဆင့် အတွက် ချဲလ်ဆီးရဲ့ အပြီးသတ် ကစားသမားစာရင်း
ဂိုးသမား – ရောဘတ် ဆန်းချက်ဇ် ၊ ဖိလစ် ယော်ဂင်ဆန် ၊ လူးကပ်စ် ဘာ့ဂ်စတွန်း
နောက်တန်း – အိတ်ဆဲလ် ဒီဆာဆီ ၊ မာ့ခ်ကူကူရယ်လာ ၊ တိုစင် အဒါရာဘီယိုယို ၊ ဘန်နွိုင်း ဘတ်ဒီယာရှီးလ် ၊ ရိစ်ဂျိမ်းစ် ၊ မာလို ဂတ်စ်တို ၊ ရီနာတို ဗေဂါ ၊ လီဗိုင်း ကိုဝဲလ် ၊ ဂျော့ရှ် အာချမ်းပေါင်း ။

ကွင်းလယ် – အန်ဇို ဖာနန်ဒက်ဇ် ၊ နွန်နီ မက်ဒူးကီ ၊ ကာနီ ချူကွီမက်ကာ ၊ ခရစ်တိုဖာ အန်ကွန်ကူ ၊ ဂျေဒွန် ဆန်ချို ၊ ကီနန် ဒယူးစ်ဘူရီဟော ၊ မွိုက်ဆက်စ် ကိုင်စီဒို ၊ ချက်ဆာရေး ကာဆာဒေး ၊ တိုင်ရစ်ခ်ဂျော့ချ် ၊ ကီယာနို ဒိုင်ယာ ။
တိုက်စစ် – ပတ်ဒရို နက်တို ၊ မစ်ခ်ဟိုင်းလို မူဒရစ် ၊ ဂျိုဝေါင် ဖဲလစ် ၊ နီကိုးလက်စ် ဂျက်ဆင် ၊ မာ့ခ်ဂီယူး ။
SPORTS MYANMAR