
စပို့တင်း လစ္စဘွန်း အသင်း ရဲ့ တိုက်စစ်မှူး ဗစ်တာ ယော့ဂရက်ရှ် က သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၁၀၀ အထိ ရှိနေတာဟာ သူ့ကို ခေါ်ချင်တဲ့ အသင်းတွေကို တွန့်ဆုတ်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ ယော့ဂရက်ရှ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ စပို့တင်း လစ္စဘွန်း အသင်း အတွက် ပွဲ ၅၀ ကစား ၊ ၄၃ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒီရာသီမှာလည်း ဗစ်တာ ယော့ဂရက်ရှ်ဟာ သူ့ရဲ့ ဂိုးသွင်းပုံစံကောင်း ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပြီး ၄ ပွဲ ကစား ၊ ၇ ဂိုး သွင်း ထားနိုင်ပါတယ် ။

ဗစ်တာ ယော့ဂရက်ရှ် ဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ပစ်မှတ်ထဲမှာ ပါဝင်နေတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့သလို ချဲလ်ဆီး အသင်းကလည်း ဗစ်တာ ယော့ဂရက်ရှ် အတွက် ပေါင် ၇၃ သန်း နဲ့ ကမ်းလှမ်း ခဲ့ပေမယ့် စပို့တင်း ဘက်က ငြင်းဆန် ပယ်ချ ခဲ့ပါတယ် ။
ဆွီဒင် အသင်း နဲ့ အတူ နေရှင်းလိဂ် ကစားဖို့ ရောက်ရှိနေတဲ့ ဗစ်တာ ယော့ဂရက်ရှ် ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး Aftonbladet မှာ ” စပို့တင်း က အသင်း ရဲ့ အဓိက ပွဲထွက် ကစားသမားတွေကို အသင်းမှာပဲ ဆက်နေစေချင်ပါတယ် ၊ ကျနော်တို့ကို သေချာ ကို ဆက်ထိန်းထားတာပါ ၊ ဒါကြောင့်လည်း အသင်း မပြောင်းဖြစ်ခဲ့တာပေါ့ဗျာ ။ ဒါပေမဲ့ စပို့တင်း မှာ နေရတာကို ကျနော် ပျော်ပါတယ် ၊ ဒါကြောင့် အသင်းမှာ ဆက်ကစားရတာ ကျနော့် အတွက် ပြဿနာ မရှိပါဘူး ။ ”
” စာချုပ်ဖျက်သိမ်းကြေး က များနေတာကြောင့် ကမ်းလှမ်းမှုတွေ ရောက်မလာတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ လာမယ့် နွေမှာ ဘယ်လို ဖြစ်မလဲ တစ်ချက် စောင့်ကြည့်တာပေါ့ဗျာ ၊ စပို့တင်း ဘက်က ကျနော်က ဒီလောက် အထိ တန်ကြေး ရှိတယ်လို့ ယူဆတာကြောင့် အဲ့လောက် သတ်မှတ်ထားတာပါ ၊ ကျနော်တို့ အနေနဲ့ လေးစားဖို့ လိုပါတယ် ။ ”

” စပို့တင်း မှာ ကစားရတာကို ကျနော် တကယ် နှစ်သက်ပါတယ် ။ ဒါကြောင့် အသင်းမှာ ဆက်နေရတာ ဘာပြဿနာမှ မရှိပါဘူး ၊ တခြားလိဂ်မှာ ကိုယ့်ရဲ့ ခြေစွမ်းကို စမ်းသပ် သက်သေပြဖို့ ၊ ပိုမြင့်တဲ့ အဆင့်မှာ ကစားဖို့ရည်မှန်းထားပေမယ့်လည်း ကျနော့်မှာ ဘာဖိအားမှ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM