
ချဲလ်ဆီး အသင်းရဲ့ ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့အပြီး ၊ အောင်ပွဲခံ အခမ်းအနားတွေမှာ ကိုယ်ပိုင် ရေးစပ်ထားတဲ့ သီချင်း တပုဒ်နဲ့ အောင်ပွဲခံခဲ့ရာ ၊ ထိုသီချင်းမှာ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ အမည်ကို ထည့်သွင်းရေးခဲ့ပါတယ် ။
ပြီးခဲ့တဲ့လ အတွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ချဲလ်ဆီး – မန်စီးတီး ပွဲအပြီး အင်တာဗျူးမှာတော့ ဟာလန်းဟာ ကူကူရယ်လာရဲ့ သီချင်းနဲ့ ပတ်သက်ကာ မေးမြန်းခံခဲ့ရပြီး ၊ အခုလိုပဲ တုန့်ပြန်ဖြေကြားခဲ့ဖူးပါတယ် ။
ဟာလန်း က ” ဒီလူဆီက လာတဲ့ ဒီသီချင်းက စိတ်ဝင်စားဖို့ကောင်းပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ ပြောစရာ မရှိပါဘူး ။ ကျွန်တော် ဒီအကြောင်း မတွေးသလို ၊ သူလည်း သူလုပ်ချင်ရာ လုပ်နိုင်ပါတယ် ။ မနှစ်က သူ ကျွန်တော့ဆီက ဂျာစီ တောင်းခဲ့ပြီး ၊ အခုတော့ သူ ကျွန်တော့ အကြောင်း သီချင်းလုပ်ဆိုနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

လက်ရှိ နိုင်ငံတကာ ပွဲကာလ အတွင်း စပိန် သတင်းဌာန EFE နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကူကူရယ်လာ က ဟာလန်းထံမှ တုန့်ပြန်မှု ရခဲ့သည့်တိုင် သူ ဒီသီချင်းကို ထပ်ဆိုဦးမယ့် အကြောင်း ” ဒီအပေါ် လူစိတ်ဝင်စားမှု အများကြီး ရှိခဲ့တာကြောင့် ၊ ဒီလို အရာတွေ ဖြစ်လာတာပါ ။ ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ် ။ ”
” တစုံတယောက်က သူ့နာမည် တပ်ပြီး သီချင်း ဆိုတယ် ဆိုတာ သူက ထိပ်တန်း ကစားသမား တယောက် သို့မဟုတ် ကမ္ဘာကျော် စတား တယောက် ဖြစ်လို့ပါပဲ ။ ဘယ်သူမှ မသိတဲ့ ကစားသမား တယောက် နာမည်ဆိုရင် ဒီလို သီချင်းထဲ ထည့်သုံးမှာ မဟုတ်ပါဘူး ။ ”
” သူ ဂိုးသွင်းခဲ့လို့ လူတိုင်း ပျော်ရွှင်ပါတယ် ။ ကျွန်တော်ကလည်း ယူရိုမှာ ချန်ပီယံ ဖြစ်ခဲ့လို့ ခုထက်ထိ ပျော်ရွှင်နေဆဲပါ ။ ဒါကို ကျွန်တော် ထပ်လုပ်သွားဦးမှာပါ ။ ဒီလို အရာတွေက ဆက်ပြီး ဖြစ်လာဦးမှာပါ ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ကူကူရယ်လာ က ” အဆုံးမှာတော့ အင်္ဂလန် မီဒီယာတွေက ဒီသီချင်းရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို အနည်းငယ် ဖယ်ရှားခဲ့ပါတယ် ။ သူ ( ဟာလန်း ) ဒါကို အပြည့်အဝ သဘောပေါက်ခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး ။ မီဒီယာတွေ ရေးခဲ့တာကို သူ ဖတ်လိုက်ပြီး ၊ ဒါကို အနည်းငယ် ကိုယ်လိုရာ ဆွဲတွေးခဲ့ပါတယ် ။ ”
” ခုခေတ်မှာ လူတွေဟာ ကိုယ်လိုရာ အရမ်း ဆွဲတွေးတတ်ပါတယ် ။ နောက်တော့ ( PFA ) ဆုပေးပွဲမှာ သူတို့ ဆုတက်ယူခဲ့တော့ ၊ ကျွန်တော့ အသင်းဖော် ပါလ်မာက သူ့ကို ကျွန်တော့ အကြောင်း မေးခဲ့တော့ ၊ သူက ရယ်စရာ အနေနဲ့ ပြောခဲ့တာပါလို့ ဖြေခဲ့ပါတယ် ။ ဒါပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အဆုံးမှာတော့ ကူကူရယ်လာ က ” မီဒီယာတွေက သူ့ကို မန်စီးတီး နိုင်ပွဲ ရအပြီးမှာ ဒီလို သဘောထား ကွဲလွဲမှု ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီမေးခွန်း မေးခဲ့တာပါ ။ ဒါပါပဲ ။ ဒါက ကျွန်တော့ အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိပါဘူး ။ လူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်ပါတယ် ။ သူက ဂိုးသွင်းမြဲ သွင်းနေသလို ၊ ကျွန်တော်တို့ကလည်း ယူရို ချန်ပီယံ ဖြစ်ထားပါတယ် ။ ”

” လူတိုင်းမှာ ကိုယ်ပိုင် ဘဝ ရှိပြီး ၊ အရာရာက သူ့အတွက် ကောင်းကောင်းမွန်မွန် လည်ပတ်နေလို့ ကျွန်တော် အရမ်း ပျော်ရွှင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ သူက ကြီးကျယ်တဲ့ ကစားသမား တယောက် ဖြစ်လို့ပါ ။ ကျွန်တော်ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR