
ယူကရိန်း လက်ရွေးစင် တောင်ပံ ကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ၂၀၂၃ ဆောင်းရာသီ ဈေးကွက် အတွင်း ရှက်တာဒိုးနက်စ် အသင်းကနေ ချဲလ်ဆီး အသင်းသို့ ယူရိုသန်း ၇၀ ( အပိုဆုကြေး ယူရိုသန်း ၃၀ ) နှစ်ရှည်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၊ အခုအချိန်အထိ တန်ကြေးနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး မပြသရသေးပါဘူး ။
ချဲလ်ဆီးမှာ တတိယမြောက် ဘောလုံး ရာသီ စတင်ထားတဲ့ မူဒရစ် တယောက် တနှစ်ခွဲ ကျော်လာတဲ့ အချိန်အထိ သွင်းဂိုးနဲ့ ဖန်တီးမှုပေါင်း ၁၀ကြိမ်သာသာပဲ ရှိသေးတာက မှန်းချက်နဲ့ နှမ်းထွက် အတော်လေး မကိုက်ညီနေပါဘူး ။

ချဲလ်ဆီး ပရိသတ်တွေဟာလည်း ၎င်းအပေါ်မှာ တဖြည်းဖြည်း စိတ်ကုန်လာကြပြီး ၊ ယခုနှစ် ရာသီ စစချင်းမှာပင် အားရဖွယ်မကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ၎င်းထံမှ ဆက်လက် မြင်တွေ့ထားရပါတယ် ။ နည်းပြသစ် ဖြစ်သူ အန်ဇို မာရက်စ်ကာကလည်း မူဒရစ် အနေနဲ့ ဒီထက် ပိုပြီး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုး ပြသဖို့ လိုကြောင်း သတိပေးထားပါတယ် ။
ကလပ်ဖက်ကတော့ မူဒရစ်ကို ၂၀၃၁ အထိ နှစ်ရှည် စာချုပ်ချုပ်ထားလို့ ၊ ၎င်း ခြေစွမ်း တိုးတက်လာမယ့် အချိန်ကို စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ် ။ သို့ပေမယ့် မူဒရစ်ရဲ့ ယခင်ကလပ် ရှက်တာဒိုးနက်စ်နဲ့ ယူကရိန်း လက်ရွေးစင် အသင်းမှ လူတွေကတော့ ၎င်းရဲ့ ပင်ကို အရည်အသွေး ဘယ်လောက်ထိ မြင့်မားကြောင်း အမြဲတမ်း ချီးကျူးကြပါတယ် ။
ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ဖူးတဲ့ ယူကရိန်း လက်ရွေးစင် ရှက်တာဒိုးနက်စ် ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ဂျော်ဂျီ ဆူဒါကော့ဗ်ကတော့ မူဒရစ်မှာ ရွှေဘောလုံး ( Ballon D’Or ) ဆု ဆွတ်ခူးဖို့ အရည်အချင်း ရှိကြောင်း ထုတ်ဖော် ချီးမွမ်းသွားပါတယ် ။
The Guardian သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဆူဒါကော့ဗ် က ” မစ်ခ်ဟိုင်းလိုဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တယောက်ပါ ။ သူ့မှာ အမြင့်ဆုံး ကန့်သတ်ချက်တွေ ဆိုတာ မရှိပါဘူး ။ သူ့မှာ Ballon D’Or ဆု ဆွတ်ခူးနိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ် ။ ဒါပေမယ့် အရာရာက သူ့အပေါ်ပဲ မူတည်ပါတယ် ။ ”

” သူ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ယူကရိန်းဟာ အံ့သြဖွယ်ကောင်းတဲ့ အရည်အသွေးတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံ တခုပါ ။ သူဟာ ကျွန်တော်တို့ အတုယူရမယ့် ကြီးကျယ်တဲ့ စံပြ ကစားသမား တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ နာမည်ကြီး ကမ္ဘာကျော် စူပါစတား ၂ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ်တီယာနို ရော်နယ်ဒိုတို့ ၁၀စုနှစ် တခုကျော်ကြာ လွှမ်းမိုးခဲ့တဲ့ Ballon D’Or ဆုဟာ ယခုနှစ်မှာတော့ ၎င်းတို့ မပါတဲ့ ဆန်ခါတင်စာရင်း ထွက်ပေါ်လာပါတယ် ။
မူဒရစ် အနေနဲ့ လက်ရှိ ခြေစွမ်းနဲ့ ကစားပုံ အရဆိုရင် Ballon D’Or ဆုနား ကပ်လို့ ရမှာ မဟုတ်သလို ၊ Ballon D’Or ဆု ဆွတ်ခူးခဲ့တဲ့ တဦးတည်းသော ယူကရိန်းသား ဖြစ်တဲ့ အေစီမီလန်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း အန်ဒရေ ရှက်ဗ်ချန်ကိုရဲ့ ခြေရာကို နင်းနိုင်ဖို့ ဝေးနေဦးမှာ ဖြစ်ပါတယ် ။
SPORTS MYANMAR