
ချဲလ်ဆီး အသင်းဟာ နိုင်ငံတကာ ပွဲကာလ မတိုင်ခင်မှာပဲ ကွန်းဖရန့်လိဂ် အုပ်စုအဆင့် အတွက် အပြီးသတ် ကစားသမား စာရင်းကို ထုတ်ပြန်ခဲ့ရာ ၊ အားအထားရဆုံး ကစားသမား ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကြယ်ပွင့် ကိုးလ်ပါလ်မာကို ချန်လှပ်ခဲ့ပါတယ် ။
ဒါဟာ ဒီရာသီ ပွဲအမြောက်အမြား ကစားရမယ့် အနေအထား အတွက် ပါလ်မာ တယောက် ဒဏ်ရာ ပြဿနာတွေက ရှောင်လွှဲနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ သိရပါတယ် ။ ပါလ်မာ အပြင် ချဲလ်ဆီးဟာ ကွင်းလယ်လူ ရိုမီယို လာဗီယာနဲ့ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာတို့လည်း ယင်းကစားသမားစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး ။
လာဗီယာနဲ့ ဖိုဖာနာတို့ဟာ ပြီးခဲ့တဲ့ တရာသီလုံး ကာလရှည် ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ၊ ဒီရာသီမှာတော့ ကြံ့ခိုင်မှု အခြေအနေ အတော်လေး တိုးတက်နေလို့ ၊ ကွန်းဖရန့်လိဂ် ကစားရင်း ၎င်းတို့ ဒဏ်ရာ ထပ်မရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ် ။

အက်စ်တွန် ဗီလာ တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဘွန်လဟောကတော့ ချဲလ်ဆီးရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကွန်းဖရန့်လိဂ် အပေါ် လေးစားမှု မထားတဲ့ လုပ်ရပ် ဖြစ်ကြောင်း ဝေဖန်ခဲပ့ပေမယ့် ၊ ယင်းကြယ်ပွင့် ၃ဦး ဒဏ်ရာ မရစေဖို့ သဘောထားကိုတော့ နားလည်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။
Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အဘွန်လဟော က ” ဒါဟာ ဒီပြိုင်ပွဲကို သူတို့ မလေးမစား လုပ်ရာကျတယ်လို့ ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက ယူရိုပါလိဂ် သို့မဟုတ် ချန်ပီယံလိဂ်သာ ဆိုရင် သူတို့ ဒီလိုမျိုး လုပ်မှာ မဟုတ်တာကြောင့်ပါ ။ ”
” သူတို့ဟာ ကွန်းဖရန့်လိဂ်ကို ကြည့်ပြီး ၊ ‘ ဟာ ၊ ငါတို့က ချဲလ်ဆီးပါ ၊ ဒီပြိုင်ပွဲမျိုးမှာ ငါတို့ ပြိုင်ကို မပြိုင်သင့်တာ ၊ တခုခု ထိခိုက်နိုင်ခြေ ရှိမယ့် ကစားသမားတွေကို အနားပေးရအောင် ‘ ဆိုပြီး တွေးလိုက်တဲ့ သဘောပါပဲ ။ အထူးသဖြင့် လာဗီယာနဲ့ ဖိုဖာနာပေါ့ ။ သူတို့ဟာ ကာလရှည် ဒဏ်ရာ ပြဿနာတွေ ရခဲ့ဖူးကြပါတယ် ။ ”
” ဒါကြောင့် ချဲလ်ဆီးဖက်က ‘ ယူရိုပါ ကွန်းဖရန့်လိဂ်မှာ သူတို့ကို အနားပေးမယ် ၊ ငါတို့ ပိုအားနည်းတဲ့ အသင်းနဲ့ပဲ ကစားနိုင်တယ် ၊ နောက်ပြီး ပရီးမီးယားလိဂ်ကို ဒီအနားပေးထားတဲ့ ကစားသမားတွေနဲ့ အာရုံစိုက်ရမယ် ‘ ဆိုပြီး တွေးထားတဲ့ပုံပါပဲ ။ ”

” အရိုးသားဆုံး ဝန်ခံရရင် ဒါက ပြိုင်ပွဲ အပေါ် အတော်လေး မလေးမစား လုပ်ခြင်း ဖြစ်ပါတယ် ။ ကျွန်တော်သာ သူတို့နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဖက် အသင်းသား ဖြစ်ခဲ့ရင် ၊ သူတို့ကို ကြည့်ပြီး ကျွန်တော့ရဲ့ team talk က ‘ သူတို့စိတ်ထင် အဓိက ကစားသမားတွေ ချန်ပြီး ကစားရင်တောင် ငါတို့ကို နိုင်မယ် ဆိုတဲ့ ပုံစံမျိုး ‘ လို့ ပြောမှာပါ ။ ”
” သူတို့နဲ့ ကစားခဲ့ရရင် ကျွန်တော့ အတွေးမှာ ‘ ပါလ်မာက ဒီလို ပြိုင်ပွဲကို ကစားဖို့ မလိုဘူး ဟုတ်လား ၊ ဒါက အရှုပ်အထုပ် ပြိုင်ပွဲမို့လား ‘ ဆိုပြီး ဖြစ်မိမှာပါ ။ ဒါပေမယ့် ကျွန်တော် နားလည်ပါတယ် ။ ခင်ဗျား အနားရဖို့ လိုသလိုမျိုး ၊ ဒီကစားသမားတွေလည်း နားဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR