Sports Myanmar

အိုဆီမန်ကို ချဲလ်ဆီးတို့ ဘာကြောင့် မခေါ်နိုင်ခဲ့လဲ ဆိုတာ အသေးစိတ် ရှင်းပြလာတဲ့ မီခေးလ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ရဲ့ နောက်ဆုံးရက်မှာ နာပိုလီ အသင်းကနေ နိုင်ဂျီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကို တရာသီ အငှားနဲ့ အရင်ခေါ်ကာ ၊ စာချုပ်ထဲမှာ အပြီးသတ် ပြောင်းရွှေ့ကြေး တရပ်ရပ်နဲ့ ခေါ်ယူခွင့်ကို ထည့်ချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။

အိုဆီမန် နာပိုလီမှာ အနာဂတ် မရှိတော့တာ အချိန် အတော်ကြာအောင် သိထားလျက်နဲ့ ၊ ဈေးကွက် ပိတ်သိမ်းခါနီးမှ ဖုတ်ပူမီးတိုက် ခေါ်ယူဖို့ ကြိုးစားခဲ့တာက ချဲလ်ဆီးရဲ့ အမှားလို့ သုံးသပ်မှုတွေ ရှိနေသလို ၊ ကစားသမားဖက်က လစာလျှော့မယူပေးလို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ် ။

ဒီအပြောင်းအရွှေ့ ဆွေးနွေးမှုမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ချဲလ်ဆီး ကွင်းလယ်လူ ဂျွန်အိုဘီ မီခေးလ်ကတော့ သူ့ရဲ့ ကိုယ်ပိုင် Podcast အစီအစဉ်မှတဆင့် ဘာကြောင့် အိုဆီမန်နဲ့ ချဲလ်ဆီး အကြား အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလဲ ဆိုတာ အခုလိုပဲ ရှင်းလင်းလာပါတယ် ။

မီခေးလ် က ” ဗစ်တာဖက်က ဘာအလိုရှိခဲ့လဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ကလပ်ဖက်က သူ့ကို ဘာတွေ ကမ်းလှမ်းခဲ့လဲ ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ရဲ့ ဆွေးနွေးမှု ဘယ်အထိ ရောက်ခဲ့လဲ ဆိုတာ ကျွန်တော် သိပါတယ် ။ အဆုံးမှာ ကျွန်တော်တို့ အပြန်အလှန် သဘောတူညီမှု ရခဲ့ပါတယ် ။ ”

” တခု ရှိတာက ဟိုနည်းနည်း ဒီနည်းနည်း လိုနေခဲ့တာပါ ။ စာချုပ်စာတမ်းတွေ ၊ ဆေးစစ်ဖို့ ကိစ္စနဲ့ တခြား အခက်အခဲ အနည်းငယ်ကြောင့် ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်အောင် ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ ဒီအပြောင်းအရွှေ့ အကောင်အထည် ပေါ်ဖို့ ၂ဖက်လုံးက ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့ကြပါတယ် ။ ”

” အိုဆီမန်ကို ခေါ်ဖို့ ချဲလ်ဆီးကို ကျွန်တော် တိုက်တွန်းခဲ့တာပါ ။ ဘာလို့လဲဆိုတော့ ဒီကလပ်ကို သူတို့ ဘယ်နေရာမျိုးဆီ ဆွဲခေါ်သွားချင်လဲ ဆိုတာ ကျွန်တော် ခံစားမိလို့ပါ ။ နောက်ပြီး ဗစ်တာဖက်ကလည်း ချဲလ်ဆီးဆီ ဘယ်လောက်ထိ ပြောင်းချင်လဲ ဆိုတာမျိုးပေါ့ ။ ”

” ဒီအပြောင်းအရွှေ့ ဖြစ်မလာလို့ သူ စိတ်ပျက်ခဲ့ပါတယ် ။ ဈေးကွက် ပိတ်သွားတော့ ကျွန်တော် သူ့ကို ဖုန်းဆက်ခဲ့ပါတယ် ။ မိနစ် ၂၀လောက် ကျွန်တော်တို့ ဖုန်းပြောခဲ့ပြီး ၊ အဲဒီမှာ ကျွန်တော်က ‘ နားထောင် ၊ ငါ မင်းအတွက် အမြဲ ရှိနေတယ် ၊ မင်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး နေဖို့ပဲ လိုတယ် ၊ ရှေ့ဆက် လေ့ကျင့်ပါ ၊ ဒါက အကောင်းဆုံး အခြေအနေ မဟုတ်တာ ငါသိတယ် ၊ ဒါပေမယ့် မင်း စိတ်ဓာတ် ကြံ့ခိုင်တယ် ဆိုတာလည်း ငါသိတယ် ‘ လို့
ပြောခဲ့ပါတယ် ။ ”

” ဗစ်တာဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မာန် ရှိတဲ့ ကစားသမားမျိုးပါ ။ သူဟာ ဒီဒီယာ ဒရော့ဘာ ၊ ဒီယေဂို ကော်စတာတို့လို တိုက်စစ်မှူးမျိုးပါ ။ ဒါက ကျွန်တော်တို့ အသင်းမှာ လိုအပ်နေတဲ့ အရာပါပဲ ။ အဆုံးသတ် သေချာတဲ့ ၊ ပြိုင်ဖက် ခံစစ်ကြောင်းကို ခြောက်လှန့်နိုင်မယ့် တိုက်စစ်မှူးမျိုးပေါ့ ။ ဗစ်တာမှာ ဒီအရည်အသွေးတွေ သေချာပေါက် ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မီခေးလ် က လစာလျှော့မယူလို့ အိုဆီမန်နဲ့ ချဲလ်ဆီးတို့ သဘောတူညီမှု မရခဲ့ဘူး ဆိုတဲ့ ယူဆချက်တွေ အပေါ် ” အပြောင်းအရွှေ့ ဆွေးနွေးမှုမှာ ဘာပြဿနာမှ မရှိခဲ့တာ သေချာပါတယ် ။ ဒါကို ဇန်နဝါရီ ဈေးကွက် ဒါမှမဟုတ် နောက်နှစ် နွေရာသီ ဈေးကွက်မှာ ပြန်ဆက်ရင် ရနိုင်ပါတယ် ။ ”

” ကျွန်တော်တို့ ဘယ်အထိ ခရီးပေါက်ခဲ့လဲ ၊ ဘယ်နေရာမှာ ရပ်ခဲ့ရလဲ ဆိုတာ သိပါတယ် ။ အသေးအဖွဲ အချက်အလက် အနည်းငယ်ပဲ အပြီးသတ် လုပ်ဆောင်ဖို့ ကျန်ခဲ့တာပါ ။ ဒါပြီးခဲ့ရင် အပြောင်းအရွှေ့က ဖြစ်မြောက်လာပါလိမ့်မယ် ။ ”

” ကျွန်တော့ အမြင်အရ ဗစ်တာနဲ့ ပတ်သက်ပြီး ကလပ်ဖက် အရမ်း ပျော်ရွှင်တဲ့ အနေအထားမှာ ရှိနေသလို ၊ ဗစ်တာဖက်ကလည်း ထိုနည်း၎င်း ခံစားရပါတယ် ။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်နားသွားမှာ မဟုတ်ပါဘူး ။ ကျွန်တော် သူ့ကို ချဲလ်ဆီးဆီ မရရအောင် ခေါ်သွားချင်ပါတယ် ။ ”

” ဗစ်တာက ကျွန်တော့ ညီငယ်လို ဖြစ်နေလို့ ၊ နိုင်ဂျီးရီးယားသား တယောက် ဖြစ်နေလို့ သူ့ကို ချဲလ်ဆီးဆီ ခေါ်ချင်တာ မဟုတ်ပါဘူး ။ သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တဦး ၊ အာဖရိက အကောင်းဆုံး ကစားသမား တဦး ဖြစ်နေလို့ ၊ အသင်းဆီ ဘာတွေ ယူဆောင်ပေးနိုင်လဲ ဆိုတာ သိထားလို့ ကျွန်တော် သူ့ကို ချဲလ်ဆီးဆီ ခေါ်ပေးချင်တာပါ ။ ”

” ချဲလ်ဆီး ပရိသတ် အများစုကလည်း ဗစ်တာ ကလပ်ဆီကို ဘာတွေ ယူဆောင်ပေးလာနိုင်လဲ ဆိုတာ သိကြပါတယ် ။ ဗစ်တာဟာ အပြောင်းအရွှေ့ မဖြစ်လာခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှု များစွာ ရင်ဆိုင်ထားရပါတယ် ။ ဘာလို့လဲဆိုတော့ လူတွေက ဒီကိစ္စ အကြောင်း အတွင်းအပြင် သေသေချာချာ မသိကြလို့ပါ ။ ”

” ဒီချာတိတ်ကို မဝေဖန်ခင် ခင်ဗျား ဒီကိစ္စကို သိအောင်အရင်လုပ်ဖို့ လိုပါတယ် ။ ဗစ်တာဟာ ဒီကလပ်ဆီ အမှန်တကယ် ပြောင်းလာချင်ခဲ့တာပါ ။ သူဟာ ဟိုဖက်နဲ့ရော ၊ ဒီဖက်နဲ့ပါ ညှိနှိုင်းမှု အဆင်ပြေစေဖို့ အလယ်မှာ ကြားဝင်ပေးခဲ့ရပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ လစာကိစ္စ သဘောတူညီမှု ရခဲ့ပေမယ့် ၊ အသေးအဖွဲ အချက်အလက်လေးတွေမှာ အဆင်ပြေအောင် မညှိနှိုင်းနိုင်ခဲ့လို့ပါ ။ ”

” ဗစ်တာ လောဘကြီးတယ် ဆိုပြီး အဓိပ္ပာယ် မရှိတဲ့ ဝေဖန်မှုတွေ ကျွန်တော် ကြားနေရပါတယ် ။ နိုင်ဂျီးရီးယားသားတွေ သူ့ကို အားပေးထောက်ခံဖို့ အချိန်ကျပါပြီ ။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလို ၊ ချဲလ်ဆီးသာ သူ့ကို ခေါ်ချင်သေးရင် ဇန်နဝါရီ ဈေးကွက်မှာ ဒီကိစ္စ ရှေ့ဆက်လို့ ရပါတယ် ။ ”

” ချဲလ်ဆီးဟာ ဗစ်တာကို အလိုရှိနေဆဲ ဖြစ်သလို ၊ ဗစ်တာကလည်း ချဲလ်ဆီးကို လာချင်နေဆဲပါ ။ ကျွန်တော်တို့ ဘယ်နေရာကို ရောက်နေလဲ ဆိုတာ တိတိကျကျ သိပါတယ် ။ အပြောင်းအရွှေ့ ညှိနှိုင်းမှု ခက်ခဲနေတာ မဟုတ်ပါဘူး ။ အပြီးသတ်နိုင်ဖို့ပဲ လိုခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar