Sports Myanmar

ပျက်ပြယ်သွားတဲ့ ဖိုဖာနာရဲ့ အငှား အပြောင်းအရွှေ့ ၊ အပယ်ခံရပေမယ့် ချဲလ်ဆီးမှာပဲ ပျော်တဲ့ အင်္ဂလန် စတားနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ

 

ချဲလ်ဆီး အသင်းဟာ အိုင်ဗရီကို့စ် ကြယ်ပွင့် တိုက်စစ်မှူး ဒေးဗစ် ဒတ်ထရို ဖိုဖာနာကို ဂရိကလပ် AEK အေသင် အသင်းသို့ အငှားချဖို့ ယမန်နေ့ညက အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် ၊ ဂရိ ဈေးကွက် ပိတ်သိမ်းချိန် အမှီ အပြီးမသတ်နိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ် ။

ဖိုဖာနာဟာ ချဲလ်ဆီးရဲ့ အပယ်ခံ ကစားသမား စာရင်းမှာ ပါဝင်နေပြီး ၊ အခုအခါမှာ ဈေးကွက် ဖွင့်နေဆဲ ဖြစ်တဲ့ တူရကီ ကလပ်များထံမှ ကမ်းလှမ်းမှုတွေ ရောက်လာဖို့သာ မျှော်လင့်ရဖွယ် ရှိနေပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ဒိန်းမတ် ကြယ်ပွင့် ဂိုးသမား ဖိလစ် ယော်ဂင်ဆန်ဟာ မနေ့ညက ကစားသွားတဲ့ ချက် ယူ၂၁ အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ရသွားကြောင်း သိရပါတယ် ။ သို့ပေမယ့် ဒိန်းမတ် ယူ၂၁ နည်းပြ ဖြစ်သူ စတက်ဖန် ဟိုယာရဲ့ အဆိုအရ ယော်ဂင်ဆန်ရဲ့ ဒဏ်ရာ ဘယ်လောက်ထိ ပြင်းထန်လဲ ဆိုတာတော့ မသိရသေးပါဘူး ။

ချဲလ်ဆီး အသင်းရဲ့ အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ဟာ လက်ရှိ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အပယ်ခံ ကစားသမား စာရင်းထဲမှာ ပါဝင်နေပေမယ့် ၊ အခွင့်အရေးရရင် ချဲလ်ဆီးမှာပဲ ဆက်ကစားချင်သေးကြောင်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ် ။

အသက် ၂၆နှစ် အရွယ်ရှိ ချေဝဲလ်ဟာ ပြီးခဲ့တဲ့ ရာသီကြို ခရီးစဉ်မှာ ပါဝင်ခဲ့ပေမယ့် ၊ မာရက်စ်ကာရဲ့ inverted နည်းစနစ်မှာ အံမဝင်တာကြောင့် အရောင်းစာရင်း တင်ခံခဲ့ရပေမယ့် ၊ ဈေးကွက် ပိတ်သိမ်းသွားတဲ့ အထိ ၎င်းကို ခေါ်မယ့် အသင်း မရှိခဲ့တာကြောင့် ချဲလ်ဆီးမှာပဲ သောင်တင်နေတာ ဖြစ်ပါတယ် ။

iNews ရဲ့ အဆိုအရ လက်ရှိ ချဲလ်ဆီး ပိုင်ရှင်တွေ ဖြစ်ကြတဲ့ ဘာဒက် အဂ်ဘာလီနဲ့ တော့ဒ်ဘိုလီတို့ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်ထံမှ ကလပ်ကို ဝယ်ယူပြီးပြီးချင်း ၊ အဓိက ကျောရိုး ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးခဲ့ရလို့ နာကျင်ခံစားခဲ့ရကြောင်း သိရပါတယ် ။

အခုအခါမှာ ရူဒီဂါဟာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲထွက် ခံစစ်မှူး အဖြစ် ရပ်တည်နေကာ ၊ ခရစ်တန်ဆန်ဟာလည်း ဘာစီလိုနာ အသင်းရဲ့ အဓိက ခံစစ်မှူး အဖြစ် ကစားခွင့် ရနေပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကတော့ ၂၀၂၃ ခုနှစ် အတွင်းက မီးနီ ဖြတ်ခဲ့သလို ၊ သတ်မှတ် အမြန်နှုန်းထက် ပိုမောင်းခဲ့တာကြောင့် ၊ တရားရုံးမှာ ကြားနာမှု ခံယူခဲ့ရကာ ၊ ပြစ်မှု ထင်ရှားခဲ့လို့ အခုအခါမှာ ယာဉ်မောင်းခွင့် ၆လ အပိတ်ခံလိုက်ရပြီး ၊ ဒဏ်ကြေး ပေါင် ၃၀၂၀ ဆောင်ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar