
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း မလိုအပ်တော့တဲ့ ကစားသမား တော်တော်များများကို အပြီးသတ် သို့မဟုတ် အငှားတွေနဲ့ ရှင်းထုတ်နိုင်ခဲ့ပေမယ့် ၊ တချို့တဝက်ကတော့ ဆက်လက် ကျန်ရစ်နေဆဲ ဖြစ်ပါတယ် ။
အခုအခါမှာတော့ ခြင်္သေ့ပြာတို့ဟာ အရောင်းစာရင်း တင်ထားခဲ့တဲ့ ယင်းလက်ကျန် ကစားသမားတွေကို ၂၀၂၄ – ၂၀၂၅ ရာသီ ပရီးမီးယားလိဂ် ကစားသမားစာရင်းထဲ ထည့်သွင်း စာရင်းပေးလိုက်ပြီ ဖြစ်ပါတယ် ။
ထိုအထဲမှာ တဦးတည်းသော စီနီယာ ကစားသမား ဖြစ်တဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်လည်း အပါအဝင် ဖြစ်ပါတယ် ။ ယင်းအင်္ဂလန်သားဟာ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ ရာသီကြို ခရီးစဉ်မှာ ပူးပေါင်းလိုက်ပါခဲ့ပေမယ့် ရာသီသစ် မစတင်ခင်မှာပဲ ချန်လှပ်ခြင်း ခံခဲ့ရပါတယ် ။

ယခုတပတ်မှာတော့ ချေဝဲလ်ဟာ အသင်းလိုက် ထရိန်နင်မှာ ပြန်လည် ပါဝင်လာပြီး ၊ စနေနေ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲအတွက် ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရမရ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
အခုလို ပရီးမီးယားလိဂ် လူစာရင်းထဲ ပါဝင်လာသည့်တိုင် ချေဝဲလ်ဟာ မာရက်စ်ကာရဲ့ အစွန် နောက်ခံလူ ဦးစားပေးမှု အဆင့်မှာ နောက်ဆုံး ရောက်နေတာကြောင့် ဆောင်းရာသီ ဈေးကွက် အတွင်း သင့်လျော်တဲ့ ကမ်းလှမ်းမှု တစုံတရာ ရလာရင် ရောင်းထုတ်ခံရနိုင်ခြေ ရှိနေဆဲ ဖြစ်ပါတယ် ။
ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂလင်းဂျွန်ဆင်ကတော့ နှံ့နှံ့စပ်စပ် မသုံးကြည့်ရသေးပဲ နည်းစနစ်မှာ အံမဝင်ဘူးဆိုတဲ့ ယူဆချက်နဲ့ ချေဝဲလ်ကို အပယ်ခံစာရင်းထဲ ထည့်သွင်းခဲ့တာက မျှတမှု မရှိကြောင်း Betfred နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဂျွန်ဆင် က ” ဘန်ဟာ ချဲလ်ဆီး အတွက် ကစားပေးဖို့ လုံလောက်တယ် ဆိုတာထက်တောင် ပိုနေပါသေးတယ် ။ တခါတလေကျရင် ကစားသမားတွေနဲ့ အလုပ် တွဲမလုပ်ရသေးပဲနဲ့ မန်နေဂျာသစ် တဦး မတူညီတဲ့ နည်းစနစ် အိုင်ဒီယာ အသစ်တွေနဲ့ ရောက်လာတာက နည်းနည်းတော့ ရူးချင်စရာပါပဲ ။ ”
” အပယ်ခံစာရင်းမှာ ပါနေတဲ့ ကစားသမားတွေဟာ မာရက်စ်ကာကို သက်သေပြဖို့ အခွင့်အရေး တခုတောင် မရကြဘူး ဆိုတာ ထင်ရှားနေပါတယ် ။ ဒီရှုထောင့်အရ ကြည့်ရင် ဒါက ဘန်ချေဝဲလ် အတွက် မျှတမှု ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR