Sports Myanmar

ဘာရိုးနဲ့ ပွဲမှာ ပထမပိုင်းအပြီး ဂတ်စ်တိုကို ဘာကြောင့် လူစားလဲခဲ့လဲ ဆိုတာ ရှင်းလင်းရင်း ၊ အကယ်ဒမီ ကြယ်ပွင့် ၂ဦးကို ချီးကျူးသွားတဲ့ မာရက်စ်ကာ

ချဲလ်ဆီး ညာနောက်ခံလူ မာလို ဂတ်စ်တိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ပွဲကာလမတိုင်ခင်က ဒဏ်ရာ အသေးစား တခု ရရှိခဲ့ပြီး ၊ မနေ့က ကစားသွားတဲ့ လိဂ်တူးကလပ် ဘာရိုး အသင်းနဲ့ ကာရာဘောင် ဖလား တတိယအဆင့်ပွဲမှာတော့ ကြံ့ခိုင်မှု အတော်အသင့် ပြည့်လာလို့ ၊ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့် ရခဲ့ပါတယ် ။

သို့ပေမယ့် ဒုတိယပိုင်း စစချင်းမှာတော့ ယင်းပြင်သစ်လက်ရွေးစင် ညာနောက်ခံလူဟာ အမေ့ခံ စတား ဘန်ချေဝဲလ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက ဂတ်စ်တိုကို လူစားလဲခဲ့ခြင်းဟာ ပွဲမစခင်ကတည်းက ကြိုတင် ဆုံးဖြတ်ထားတဲ့ အရာ ဖြစ်ကြောင်း အခုလိုပဲ ရှင်းလင်းလာပါတယ် ။

မာရက်စ်ကာ က ” ဟုတ်ပါတယ် ။ ဒါက ကြိုတင်စီစဉ်ပြီးသားပါ ။ ပထမပိုင်းမှာ မာလိုက အတွင်းဝင်ကစားပါတယ် ။ ဒုတိယပိုင်းမှာလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ ကစားခဲ့ပါတယ် ။ ဒီတကြိမ်မှာတော့ ချီလီက ဘယ်အခြမ်းကနေ အတွင်းဝင်ကစားတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ နွေရာသီ ဈေးကွက် အတွင်း ကမ်းလှမ်းမှု တစုံတရာ မရခဲ့လို့ ချဲလ်ဆီးမှာပဲ ကျန်ရစ်ခဲ့ရတဲ့ ချေဝဲလ်ဟာ မနေ့ညက ဒုတိယပိုင်း လူစားဝင်ခွင့်ကို အပြည့်အဝ အသုံးချကာ ၊ မာရက်စ်ကာ အနေနဲ့ အနာဂတ် ပရီးမီးယားလိဂ်ပွဲတွေမှာပါ ၎င်းဟာ ရွေးချယ်ဖို့ စဉ်းစားစရာ တခု အဖြစ် ရှိနေကြောင်း ပြသသွားပါတယ် ။

ယင်းအင်္ဂလန်သားနဲ့ ပတ်သက်ပြီးလည်း မာရက်စ်ကာ က ” အရမ်းကောင်းပါတယ် ။ လက်ရှိ အခြေအနေက ချီလီ အတွက် မလွယ်ကူပါဘူး ။ သူဟာ ဒီမတိုင်ခင်က ဒီရာသီ ကစားခွင့် မိနစ် လုံးဝ မရခဲ့ပါဘူး ။ ဒါပေမယ့် သူဟာ အသင်းအတွက် အသင့်ရှိနေကြောင်း ၊ သူ ကြိုးစားနေကြောင်း ပြသနေပါတယ် ။ ”

” သူနဲ့ ကျွန်တော်တို့ အကြား ဘာပြဿနာမှ မရှိပါဘူး ။ အခွင့်အရေး ရရင် ၊ ကျွန်တော်တို့ သူ့ကို ဒီထက် မိနစ် ပိုများများ ပေးသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ချဲလ်ဆီးဟာ ဘာရိုးနဲ့ ပွဲမှာ ပွဲထွက်စာရင်းကို အရန်သက်သက် ထုတ်သုံးခဲ့ရုံမက ၊ ဒုတိယပိုင်းမှာပါ အရန် တချို့ကို အနားပေးပြီး ၊ အကယ်ဒမီထွက် ချာတိတ် ၂ဦး ဖြစ်တဲ့ ဂျော့ရှ်အာချမ်းပေါင်းနဲ့ တိုင်ရစ်ခ်ဂျော့ချ်တို့ကို လူစားဝင် ကစားခွင့် ပေးခဲ့ပါတယ် ။

ဂျော့ချ်ဆိုရင် ဂိုးရဖို့ နီးစပ်ခဲ့ပြီး ဂိုးမဝင်ခဲ့တဲ့ အပေါ် မာရက်စ်ကာ က ” သူနဲ့ ဂျော့ရှ်ရဲ့ ခြေစွမ်းအပေါ် ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ် ။ သူတို့ ၂ယောက်လုံး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ အနေနဲ့ ရဲရင့်ဖို့က အရေးကြီးပါတယ် ။ ရှိန်မနေဖို့ပါ ။ ”

” သူတို့ အမှားလုပ်မလုပ် ကိစ္စမရှိပါဘူး ။ ဒါက အဆင်ပြေပါတယ် ။ တိုင်ရစ်ခ် အခွင့်အရေး တကြိမ် လွဲခဲ့ပါတယ် ။ နောက်တော့ နောက်တကြိမ် အခွင့်အရေး ဖန်တီးနိုင်ခဲ့ပါတယ် ။ ဂျော့ရှ်ကိုလည်း ကျွန်တော် နှစ်သက်ပါတယ် ။ ဘောလုံးနဲ့ အတူ သူ ကစားတဲ့ပုံတွေ ၊ ရှေ့တက်ပြီး ရဲရဲဝံ့ဝံ့ ကစားပြတာတွေ ၊ သူ့ရဲ့ ပင်ကိုဟန်တွေပေါ့ ။ ၂ယောက်လုံး အတွက် ကျွန်တော် ပျော်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar