Sports Myanmar

ချဲလ်ဆီး ကြယ်ပွင့်သစ်ဟာ အဝတ်လဲခန်းထဲမှာ ခေါင်းဆောင် တဦး အဖြစ် ပြုမူနေကြောင်း ချီးကျူးသွားတဲ့ မာရက်စ်ကာ

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် အတွင်း ကစားသမား အများအပြား ခေါ်ယူခဲ့ပေမယ့် ၊ တပြားတချပ်မှ မကုန်ကျခဲ့တဲ့ ကစားသမားသစ်ကတော့ ခံစစ်မှူး တိုစင် အဒါရာဘီယိုယိုပဲ ဖြစ်ပါတယ် ။

ဖူလ်ဟမ်ကနေ အလွတ်နဲ့ ရောက်လာတဲ့ အဒါရာဘီယိုယိုဟာ ပြီးခဲ့တဲ့ အပတ်က ကစားသွားတဲ့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် စတင် ရရှိခဲ့ပြီး ၊ Clean Sheet စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။

တည်ငြိမ်မှု ရှိတဲ့ ဗဟိုခံစစ် အတွဲ တခု ရှာဖွေနေတဲ့ နည်းပြ အန်ဇို မာရက်စ်ကာ အနေနဲ့ လတ်တလော ခြေစွမ်းပြနေတဲ့ အဒါရာဘီယိုယိုကို ပွဲထွက် ခံစစ်မှူး အနေနဲ့ ဆက်လက် အသုံးပြုဖို့ များနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မာရက်စ်ကာ က အဒါရာဘီယိုယိုနဲ့ ပတ်သက်ပြီး ” အရမ်း အထင်ကြီးမိပါတယ် ။ တိုစင်ဟာ စီးတီးမှာကတည်းက ကျွန်တော် သိလာတဲ့ ကစားသမား တယောက်ပါ ။ အထူးသဖြင့် သူ့ရဲ့ ကွင်းတွင်းကွင်းပြင် ပြုမူနေထိုင်ပုံကို ကျွန်တော် အရမ်း ကျေနပ်အားရမိပါတယ် ။ ”

” သူဟာ အဝတ်လဲခန်းထဲမှာ အသင်းခေါင်းဆောင် တဦး ဖြစ်နေပါပြီ ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အရမ်း ဝမ်းမြောက်ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဝေးကွင်း ၃ပွဲဆက် အနိုင်ရလဒ် အပြင် ၊ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် Clean Sheet စွမ်းဆောင်ထားပါတယ် ။

ယနေ့ညမှာတော့ ချဲလ်ဆီးဟာ ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့ အသင်း အနည်းငယ်ထဲ တသင်း ဖြစ်တဲ့ ဘရိုက်တန်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ လက်ခံကစားဖို့ ရှိပြီး ၊ မာရက်စ်ကာ အနေနဲ့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ ရဖို့ အတော်လေး စိုင်းပြင်းနေမှာ ဖြစ်ပါတယ် ။

ပုံစံကောင်း ရနေတဲ့ ခံစစ်ကြောင်းနဲ့ ပတ်သက်ကာ မာရက်စ်ကာ က ” ခံစစ်ပိုင်းအရ ကျွန်တော်တို့ အများကြီး တိုးတက်ဖို့ လိုပါသေးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ ။ ဒီလို ပြောလို့ ရှေ့လျှောက် ကျွန်တော်တို့ ဂိုးမပေးရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ ဂိုးတွေ ပေးရနိုင်ပါတယ် ။ ဒါပေမယ့် အရေးကြီးတာက တသင်းလုံး အတိုင်းအတာ အနေနဲ့ ကျွန်တော်တို့ တိုးတက်လာဖို့ ဖြစ်ပါတယ် ။ ခံစစ်ကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ နောက်ခံလူတွေကိုပဲ ပြောနေတယ်လို့ ခင်ဗျားတို့ တွေးဖူးကြပါလိမ့်မယ် ။ ”

” ဒါပေမယ့် မဟုတ်ပါဘူး ။ ဝက်စ်ဟမ်းနဲ့ ပွဲအပြီး ခံစစ်ကူပေးတဲ့ အကောင်းဆုံး ကစားသမားတွေက ကိုးလ် ( ပါလ်မာ ) နဲ့ နီကိုးလက်စ် ( ဂျက်ဆင် ) ပဲ ဆိုတာ ကျွန်တော် ပြောခဲ့ပါတယ် ။ သူတို့ရဲ့ high press ကစားဟန်တွေက ကျွန်တော်တို့ အတွက် အခြေအနေကို ပိုကောင်းကောင်း စီမံခွင့် ပေးပါတယ် ။ ဒါကြောင့်မို့ ဒါက တသင်းလုံးနဲ့ သက်ဆိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar