Sports Myanmar

သူ့ကို အံ့အားသင့်စေတဲ့ ချဲလ်ဆီး စတားကို ဆာလာနဲ့ နှိုင်းယှဉ် ချီးကျူးသွားတဲ့ ဂယ်ရီနဗီးလ်

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၄ – ၂ ရလဒ်နဲ့ အနိုင်ရခဲ့ရာ ၊ အားအထားရဆုံး တိုက်စစ် ကြယ်ပွင့် ကစားသမား ကိုးလ်ပါလ်မာက တဦးတည်း ၄ဂိုးသွင်းကာ ၊ အထူူး ခြေစွမ်းပြခဲ့ပါတယ် ။

ဒါကြောင့် ချဲလ်ဆီးဟာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲ စတင် ရရှိခဲ့ကာ ၊ အဆင့် ၄ နေရာအထိ တက်လှမ်းလာပြီ ဖြစ်ပါတယ် ။ ပါလ်မာဟာလည်း ထိုပွဲအပြီး ပထမပိုင်း အတွင်း ၄ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမား အဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၆ဂိုး ၊ ဖန်တီးမှု ၄ကြိမ် စွမ်းဆောင်ထားတဲ့ ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီ စတင်ကတည်းက အခုအချိန်အထိ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး + ဖန်တီးမှု အမြင့်မားဆုံး ကစားသမား အဖြစ် ရပ်တည်ထားကာ ၊ ဂိုးအများဆုံး သွင်းထားတဲ့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကိုလည်း ရွှေဖိနပ်ဆုအတွက် အနီးကပ် ဖိအားပေးထားဆဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ပါလ်မာဟာ သူ့ကို ရှော့ခ်ရအောင် စွမ်းဆောင်ပြနေပြီး ၊ ၎င်းဟာ မိုဟာမက် ဆာလာ လီဗာပူးသို့ စတင် ရောက်ရှိလာတဲ့ နှစ်တွေတုန်းကလို သူ့အတွေးတွေကို လွဲမှားအောင် လုပ်ပြနေတယ်လို့ ချီးကျူးသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံရာမှာ နဗီးလ် က ” ကိုးလ်ပါလ်မာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာပြီလား ? သူ သိပ်မဝေးတော့ပါဘူး ။ ပြီးခဲ့တဲ့ ရာသီက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် အံ့သြခဲ့မိတယ်လို့ ပြောရပါမယ် ။ ”

” မိုဟာမက် ဆာလာ ပရီးမီးယားလိဂ်မှာ ကစားလာတဲ့ နှစ်တွေ တလျှောက် ဂိုးတွေ အများကြီး သွင်းလာတုန်းက ကျွန်တော့ အတွေး တခုကို အမှတ်ရမိပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ဆာလာကို ‘ ဒုတိယ ရာသီတော့ သူ ထပ်လုပ်ပြနိုင်မှာ မဟုတ်ပါဘူး ။ တတိယ ရာသီတော့ သူ ထပ်ပြလုပ်နိုင်မှာ မဟုတ်ပါဘူး ‘ လို့ ထင်ခဲ့တာပါ ။ ”

” အခု ကိုးလ်ပါလ်မာဟာလည်း ကျွန်တော့ကို လုံးဝ ရှော့ခ်ရစေအောင် စွမ်းဆောင်ပြနေပါတယ် ။ ဒီအဆင့်အထိ သူ ရောက်လာတာ ၊ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရိုမှာ အင်္ဂလန် အတွက် သူ ကစားခွင့်တွေ မရခဲ့တာကို စဉ်းစားကြည့်ရင် လုံးဝ ရူးလောက်စရာကောင်းပါတယ် ။ ”

” ပိုပြီး ရူးလောက်စရာကောင်းတာက အပြောင်းအရွှေ့ ဈေးကွက်တွေမှာ မယုံနိုင်ဖွယ်ကောင်းတဲ့ မန်စီးတီးက သူတို့ရဲ့ ကိုယ်ပိုင် အကယ်ဒမီ ခြံပေါက် ကစားသမား တယောက်ကို လက်လွှတ်ခဲ့တာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ လာမယ့် ကြာသပတေးညမှာ ကွန်းဖရန့်လိဂ် အုပ်စု အဖွင့်ပွဲ စတင် ကစားဖို့ ရှိပြီး ၊ ပါလ်မာကတော့ ဒဏ်ရာ ပြဿနာ မရစေဖို့ အလို့ငှာ ၊ ကွန်းဖရန့်လိဂ် လူစာရင်းမှ တမင်သက်သက် ချန်လှပ်ခံထားရကာ ၊ လာမယ့် တနင်္ဂနွေနေ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည် ပွဲထွက်ကစားဖို့ ရှိပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar