Eleven Media Group

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

Photo: AFP

မန်စီးတီး နှင့် အဲဗာတန် (မြန်မာစံတော်ချိန် ကြာသပတေးည ရးဝ၀ နာရီ)

အခုအချိန်မှာ မန်စီးတီးအသင်းအတွက် ကစားရတဲ့ ပွဲတိုင်းက အခက်အခဲနဲ့ ကြုံတွေ့နေရတယ်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးအသင်းနဲ့ ရင်ဆိုင်တဲ့ ပြိုင်ဘက်တိုင်းက ဘာလုပ်ရမလဲဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်ကြပြီး ကြိုးစား အားထုတ်မှုကောင်းရင် မန်စီးတီးကို ရပ်တန့်လာနိုင်တာ အပတ်တိုင်းလိုလို မြင်နေရတယ်။ အဲဗာတန်ကတော့ နောက်ပိုင်းမန်စီးတီးတွေ့ခဲ့တဲ့ အသင်းတွေထဲမှာ အရည်အသွေးအနိမ့်ဆုံးအသင်းလို့ ပြောလို့ရပါတယ်။ မန်စီးတီးအသင်းအနေနဲ့ တခြားအသင်းတွေနဲ့ ရင်ဆိုင်တဲ့အခါ ပြိုင်ဘက်အသင်းတွေရဲ့ ထက်မြက်တဲ့ တိုက်စစ်ကစားပုံကို စိုးရိမ်စရာဖြစ်ပေမဲ့ အဲဗာတန်ကတော့ တိုက်စစ်အရမ်းအားနည်းတဲ့အသင်း ဖြစ်တဲ့အတွက် မန်စီးတီးအတွက် သိပ်စိုးရိမ်စရာမလိုဘဲ တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ရမယ့် ပွဲဖြစ်တယ်။ ပြီးတော့ ဆေဗင်ညို၊ ဖိုဒန်တို့လို ကစားသမားတွေဆီက တစ်ဦးချင်းစွမ်းဆောင်ရည်ကို အပြည့်အဝညှစ်ထုတ်သုံးစွဲနိုင်ရင် မန်စီးတီးအတွက် အရမ်းမခက်ခဲနိုင်တဲ့ ပွဲမျိုးပါ။ အဲဗာတန်က နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးရဖို့တောင် ရုန်းကန်ရလေ့ရှိတဲ့ အသင်းဖြစ်ပြီး မန်စီးတီးကိုပဲ ကြိုက်တယ်။

ဘုန်းမောက် နှင့် ပဲလေ့စ် (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

ပဲလေ့စ်က ရပ်တည်မှုအရ တန်းဆင်းဇုန်နားကို ရောက်နေပေမဲ့ ရာသီအစ ရလဒ်ဆိုးတွေကြောင့်ပါ။ နောက်ပိုင်းပွဲတွေမှာ ပဲလေ့စ်သိသိသာသာ တိုးတက်လာတယ်။ အာဆင်နယ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာတောင် ပဲလေ့စ်ရဲ့ ပုံစံကောင်းကို မြင်ခဲ့ရတယ်။ ဘုန်းမောက်ကလည်း ဒီပွဲမတိုင်ခင် မန်ယူနိုက်တက်နဲ့ ကစားထားပြီး ယူနိုက်တက်ကိုဂိုးပြတ်နိုင်ထားသလို ရလဒ်အရမ်းကောင်းနေတဲ့အသင်းပါ။ ဘုန်းမောက်ကို ပိုကြိုက်တယ်။

ချယ်လ်ဆီး နှင့် ဖူလ်ဟမ် (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

စပါး၊ ဘရိုက်တန်၊ အာဆင်နယ်၊ လီဗာပူးလ်တို့လို အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်တွေ့ချိန်မှာ ဖူလ်ဟမ် ကစားခဲ့တဲ့ ခြေစွမ်း၊ ဖူလ်ဟမ်ကစားသမားတွေရဲ့ အသင်းလိုက် အလုပ်လုပ်ပုံကို ကြည့်ရင် ချယ်လ်ဆီးအတွက် အရမ်းလွယ်ကူမယ့် ပွဲတစ်ပွဲတော့ မဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာ ချယ်လ်ဆီးက တိုက်စစ်ပိုင်းထက်မြက်ပြီး ဂိုးသွင်းခြေတော်တော်လေးအားကောင်းပါတယ်။ ပွဲကျပ်ကာလမှာတောင် ချယ်လ်ဆီးရဲ့ အားသာချက်က ကစားသမားစုဖွဲ့မှုအင်အားဖြစ်ပြီး အဓိက ကစားသမားအချို့ကလွဲရင် ကျန်ကစားသမားတွေကို ကြိုက်သလို သုံးလို့ရတဲ့ အားသာချက် ရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို ကြည့်ရင် ခံစစ်ပိုင်းပြဿနာကလည်း မဖြစ်မနေ စိုးရိမ်ရတဲ့ အချက်ဖြစ်ပြီး မပေးသင့်တဲ့ ဂိုးတွေကို လွယ်လွယ်ကူကူပေးရတာကလည်း တကယ်တမ်း ပွဲကျပ်လာချိန်မှာ အသင်းကို ဆွဲချသွားနိုင်စေတဲ့ အားနည်းမှု ဖြစ်တယ်။ ခြေစွမ်းအရရော၊ လက်ရှိ Rhythm အရပါ ချယ်လ်ဆီးက အများကြီးအားသာနေပေမယ့် မထင်မှတ်ဘဲ မှားလိုက်တဲ့အမှားလေးတွေကို ချယ်လ်ဆီးသတိပြုရမယ်။ နိုင်ပွဲတော့ ရယူနိုင်ပါလိမ့်မယ်။

နယူးကာဆယ် နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

နယူးကာဆယ်ရဲ့ ရလဒ်တွေကို ကြည့်ရတာ နည်းနည်းတော့ ထူးဆန်းတယ်။ အာဆင်နယ်ကို နိုင်ခဲ့ပြီးတဲ့နောက် နော်တင်ဟမ်ဖောရက်စ်လိုအသင်းကောင်းကို ဖောရက်စ်ရဲ့ အကောင်းဆုံးအချိန်မှာ အနိုင်ယူခဲ့ပြီးမှ ဝက်စ်ဟမ်းကို အိမ်ကွင်း မှာ ရှုံးတယ်။ ပဲလေ့စ်ကို သရေကျတယ်။ လီဗာပူးလ်ကို သရေထပ်ကစားပြီး ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးတယ်။ ပြီးတော့ လက်စတာနဲ့ပွဲမှာ ဂိုးပြတ်နိုင်ပွဲ ပြန်ယူတယ်။ ဗီလာက မန်စီးတီးကို အနိုင်ယူပြီးနောက် နောက်ဆုံးပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၄ ပွဲ မြောက်နိုင်ပွဲကို ရလိုက်တယ်။ အသင်းမှာ ကစားသမားစုံလင်နေပြီး အားကောင်းတဲ့ အသင်းအဖြစ် မြင်ရတယ်။ ဒါပေမဲ့ နယူးကာဆယ်က အိမ်ကွင်းမှာ အသင်းကြီးတွေ၊ အသင်းကောင်းတွေကို အခက်တွေ့စေတတ်ပါတယ်။ နယူးကာဆယ်ပဲကြိုက်တယ်။

နော်တင်ဟမ် နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

စပါးကလည်း ပြိုင်ဘက်အသင်းကောင်းရင် ပိုကောင်းတတ်ပြီး ပြိုင်ဘက်ညံ့ရင် သူတို့ပါ ရောပြီး ကစားပုံပျက်သွားတတ်တဲ့အသင်းမျိုး ဖြစ်နေတယ်။ စပါးရဲ့ တိုက်စစ်ပိုင်းက အသင်းလိုက် ဟန်ချက်အရရော၊ ဆိုလန်ကီ အားကိုးလာရတာရောကြောင့် ပိုပြီး အားကောင်းလာတာတွေ့ရတယ်။ ဒါပေမဲ့ စပါးက ဒဏ်ရာပြဿနာ အများကြီး ကြုံနေရတဲ့အသင်းဖြစ်ပြီး အဓိက ခံစစ်ကစားသမားတွေလည်း မကစားနိုင်ပါဘူး။ နော်တင်ဟမ်က ခံစစ်ကိုလုံအောင်ပိတ်ပြီး တန်ပြန်တိုက်စစ် ကစားရတဲ့ ပွဲတွေမှာ တော်တော်လေးအားကောင်းပါတယ်။ ပြီးတော့ စပါးခံစစ်ကို ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်ပိုင်းကိုလည်း နော်တင်ဟမ် ပိုင်ဆိုင်ထားပါတယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်တဲ့ ပွဲဖြစ်တယ်။

ဆောက်သမ်တန် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းက ရပ်တည်မှု အဆိုးကြီး မဟုတ်ပေမဲ့ ခြေစွမ်းကတော့ စိတ်ဝင်စားစရာ နည်းပါတယ်။ ဝက်စ်ဟမ်းကစားနေတဲ့ ပုံစံက ဘယ်ပွဲမှ စိတ်မချရပဲ ရှုံးချင်တဲ့အချိန် ထရှုံးတဲ့ ပုံစံမျိုးပါ။ ဆောက်သမ်တန်က နည်းပြသစ်နဲ့ ဘယ်လိုပွဲထွက်လာမလဲ မသိပေမဲ့ မလုံလောက်ပါဘူး။ သရေကျမယ်။

ဝုလ်ဗ် နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)

မန်ယူနိုက်တက်အသင်းက ဒီပွဲမတိုင်ခင်မှာ ဘုန်းမောက် နဲ့ ကစားထားရပြီး အိမ်ကွင်းမှာဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း သိပ်အားရစရာမရှိပေမဲ့ ပွဲရဲ့ နောက်ဆုံးအပိုင်းမှာတော့ ယူနိုက်တက်ကစားပုံကောင်းတယ်။ စပါးနဲ့ ကစားခဲ့တဲ့ Carabao Cup က ခြေစွမ်းကလည်း သာမန်ပဲရှိတယ်။ ဝုလ်ဗ်က အခြေအနေဆိုးနေတဲ့အသင်းပါ။ မန်ယူနိုက်တက် သာပေမဲ့ သရေကျသွားရင်အံ့သြစရာမရှိဘူး။

လီဗာပူးလ် နှင့် လက်စတာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်အတွက် ၃ မှတ်ကို အိတ်ထဲ ကောက်ထည့်ရမယ့် ပွဲဖြစ်တယ်။ လက်စတာအသင်းက တိုက်စစ်ပိုင်းကိုအားပြုကစားတဲ့အသင်းဖြစ်ပြီး အသင်းတိုင်းကို ခြိမ်းခြောက်နိုင်တဲ့ ကစားပုံရှိတယ်။ ဒါပေမဲ့ နစ္စတယ်ရွိုင်းရဲ့အသင်းက ခံစစ်ပိုင်းမှာတော့ အားနည်းမှုတွေရှိနေပါတယ်။ လက်ရှိ လီဗာပူးလ်က အဖက်ဖက်မှာ သာနေတဲ့အသင်းဖြစ်ပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ့် ပွဲမျိုးဖြစ်တယ်။

မူရင်းသတင်း — Eleven Media Group