Eleven Media Group

ဆာလီဘာ အသင်းတွင် ပျော်ရွှင်နေပြီး မိမိတို့နှင့် ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိနေသည်ဟု အာတီတာ ပြောကြား

Photo: AFC Pics

အာဆင်နယ်နည်းပြ အာတီတာက ပြင်သစ်နောက်ခံလူ ဆာလီဘာအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားခြင်းခံနေရသော်လည်း အသင်းတွင် ပျော်ရွှင်နေပြီး မိမိတို့နှင့် ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။
ဆာလီဘာ(၂၄ နှစ်)သည် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူများထဲမှ တစ်ဦးအဖြစ် ရပ်တည်လာသည့်အတွက် ခံစစ်ပိုင်းကို အားဖြည့်ရန် စီစဉ်နေသည့် ရီးယဲလ်အသင်းက လာမည့်နွေရာသီတွင် ကမ်းလှမ်းဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
ယင်းအတွက် အာတီတာက ''သူ ဒီမှာ အရမ်းပျော်နေပါတယ်။ ကျွန်တော်တို့နဲ့လည်း ရှေ့ဆက်လျှောက်လှမ်းချင်နေပါတယ်။ အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေကတော့ အချိန်ယူရဦးမှာပါ''ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့် ဆာလီဘာကို လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးရန် စီစဉ်နေကြောင်းသိရသည်။
ရီးယဲလ်အသင်းက ဆာလီဘာကို ကမ်းလှမ်းရန် ပြင်ဆင်နေသော်လည်း သင့်တော်သည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ခြင်းမရှိပါက စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ အထိ စောင့်ဆိုင်းသွားဖွယ်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group