Eleven Media Group

ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင် လက်ချောင်းဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်သော်လည်း တန်းတက် Play-off ဒုတိယအကျော့တွင် ပါဝင်ကစားမည်

Photo: KPFC

ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်သည် လက်ချောင်းဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်သော်လည်း တန်းတက် Play-off ဒုတိယအကျော့တွင် ပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။
တိုက်စစ်မှူးသန်းပိုင်သည် လက်ချောင်းကျိုးဒဏ်ရာ ရရှိထားပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည်။
သို့သော် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် လာမည့်ရာသီ၌ ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-off ပွဲစဉ်များကို ယှဉ်ပြိုင်ကစားနေရလျက်ရှိသည်။
ထို့ကြောင့် Play-off ပွဲစဉ်များမှာ အရေးကြီးနေသောကြောင့် ကာယကံရှင်ဖြစ်သူ သန်းပိုင်နှင့် ကန်ချနာဘူရီပါ၀ါအသင်းကြား နားလည်မှုရယူ၍ Play-off ပွဲစဉ်များ ပြီးဆုံးမှသာ လက်ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ အမှတ်ပေးပြိုင်ပွဲအပြီးတွင် (၃၂) ပွဲကစား၊ (၁၃) ပွဲနိုင်၊ (၁၃) ပွဲသရေ၊ (၆) ပွဲရှုံး၊ ရမှတ်(၅၂) မှတ်ဖြင့် အဆင့်(၄) နေရာတွင် ရပ်တည်ခဲ့သည်။
ထိုင်းလိဂ်ပြိုင်ပွဲများကျင်းပရေးကော်မတီသည် ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် အဆင့်(၃၊ ၄၊ ၅၊ ၆) ရ အသင်း (၄) သင်းအား Play-off ပွဲစဉ်များ ကစားစေပြီး နောက်ဆုံးအနိုင်ရ အသင်းတစ်သင်းအား ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။
ကန်ချနာဘူရီပါ၀ါအသင်းသည် ထိုင်း လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-off ပွဲစဉ်များအဖြစ် အမှတ်ပေးပြိုင်ပွဲအပြီး အဆင့်(၅) နေရာရ မဟာဆာရာခမ်အသင်းနှင့် အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ကန်ချနာဘူရီပါ၀ါအသင်းသည် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-off ပွဲစဉ် ပထမအကျော့အဖြစ် ပြီးခဲ့သည့်မေ ၄ ရက်က မဟာဆာရာခမ်အသင်း၏ အိမ်ကွင်းသို့သွားရောက်ကစားခဲ့ရာ (၃-၃) ဂိုးဖြင့် သရေကျခဲ့သည်။
သန်းပိုင်သည် ယင်း Play-off ပထမအကျော့ပွဲတွင် ဝင်ရောက်မကစားခဲ့သော်လည်း Play-off ဒုတိယအကျော့ပွဲကိုမူ ဝင်ရောက်ကစားမည်ဖြစ်ကြောင်း သိရသည်။
ကန်ချနာဘူရီပါ၀ါအသင်းသည် Play-off ဒုတိယအကျော့ပွဲကို မေ ၁၁ ရက်တွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group