
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် လာမည့် မေ ၉ ရက်တွင် ကျင်းပမည့် ONE Friday Fights 107 ပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဖိုက်တာ ဂျူနီယာ နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
ဗီရိုနီကာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းအမျိုးသမီးဖိုက်တာ ဂျူနီယာသည် ONE Friday Fights ပြိုင်ပွဲများတွင် ရှုံးပွဲမရှိသေးပဲ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသူဖြစ်ကြောင်း သိရသည်။
ONE Friday Fights 107 ပြိုင်ပွဲကို လာမည့်မေ ၉ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ဗီရိုနီကာနှင့် ထိုင်းအမျိုးသမီးဖိုက်တာ ဂျူနီယာတို့၏ တွဲဆိုင်းမှာ ယင်းပြိုင်ပွဲတွင် ဒုခေါင်တွဲဆိုင်းအဖြစ် သတ်မှတ်ခံထားရပြီး မွေထိုင်းအဖြစ် သုံးမိနစ် သုံးချီယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။
ဗီရိုနီကာသည် ONE Championship အဖွဲ့အစည်းနှင့် လက်တွဲပြီးနောက် ပထမဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၄ ရက်က ချီလီနိုင်ငံသူ ဗယ်ရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
သို့သော် ဗီရိုနီကာသည် ယင်းပွဲတွင် ချီလီနိုင်ငံသူ ဗယ်ရာကို ရှုံးနိမ့်ခဲ့သော်လည်း ONE Championship CEO ချက်ထရီက ချီးမြှင့်သည့် အပိုဆုကြေး ဘတ် (၃)သိန်းခွဲ ရရှိခဲ့သည်။
ဗီရိုနီကာနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ထိုင်းအမျိုးသမီးဖိုက်တာဂျုနီယာသည် အသက်(၁၉) နှစ်သာရှိသေးသော်လည်း ONE Friday Fights ပြိုင်ပွဲများတွင် ၇ ပွဲထိုး ရှုံးပွဲမရှိ ပွဲအားလုံးကို အနိုင်ရရှိထားသူဖြစ်သည်။
ထိုင်းအမျိုးသမီးဖိုက်တာ ဂျုနီယာ အနိုင်ရရှိထားသည့် ၇ ပွဲ တွင် ၆ ပွဲကို အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး တစ်ပွဲသာ အလဲထိုးဖြင့် အနိုင်ရထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းအမျိုးသမီးဖိုက်တာ ဂျုနီယာသည် ONE Friday Fights တွင် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီအတွင်းက ဟောင်ကောင်ဖိုက်တာ အမ်မလီချောင်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် အနိုင်ရခဲ့သည်။
ဗီရိုနီကာသည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်းကမှ ထိုင်းနိုင်ငံ၏ နာမည်ကြီး မွေထိုင်းကလပ် Tiger Muay Thai နှင့် လမ်းခွဲပြီးနောက် ONE Championship နှင့် လက်တွဲထားခြင်းဖြစ်သည်။
ONE Championship ၏ CEO ဖြစ်သူ ချက်ထရီသည် မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာကို ခေါ်ယူရန် ကာလကြာရှည် စောင့်ဆိုင်းခဲ့ပြီး Tiger Muay Thai နှင့် ဗီရိုနီကာတို့၏ စာချုပ်သက်တမ်းအကုန်တွင် ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ONE Championship သည် ကယန်တိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာကို (၈)ပွဲစာချုပ်ချုပ် ဆိုခဲ့ပြီးနောက် ပွဲဦးထွက်အဖြစ် ချီလီနိုင်ငံသူ ဗယ်ရာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဗီရိုနီကာအတွက် ယခုပွဲမှာ ONE Friday Fights တွင် ဒုတိယမြောက်ပွဲဖြစ်သောကြောင့် မဖြစ်မနေ အနိုင်ရရှိရန်လိုအပ်နေလျက်ရှိသည်။
သို့သော် ပြိုင်ဘက်ဖိုက်တာ ဂျုနီယာမှာ စွမ်းဆောင်မှုကောင်းသည့်ဖိုက်တာဖြစ်ခြင်းကြောင့် ဗီရိုနီကာအတွက် ခက်ခဲဖွယ်ရှိနေသည်။
ဗီရိုနီကာသည် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် အခြေချပြီး မွေထိုင်း ပွဲ (၂၁) ထိုးသတ်ထားရာ (၁၈) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။