Eleven Media Group

ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးပွဲတွင် ရှုံးနိမ့်သည့် စတုတ္ထမြောက်အသင်းအဖြစ် လီဗာပူးလ် မှတ်တမ်းဝင်

Photo: Chelsea

လီဗာပူးလ်အသင်းသည် တနင်္ဂနွေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတွင် Guard of Honour ဖြင့် ဂုဏ်ပြုကြိုဆိုခြင်းခံခဲ့ရသော်လည်း ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့ရသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးယှဉ်ပြိုင်ရသည့်ပွဲတွင် ရှုံးပွဲကြုံတွေ့သည့် စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်၌ ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးပွဲတွင် ရှုံံးနိမ့်သည့် ပထမဆုံးအသင်းမှာ အာဆင်နယ်(၁၉၉၇-၉၈ ရာသီ)ဖြစ်ပြီး လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအသင်းမှာ ချယ်လ်ဆီးဖြစ်ပြီး ၂၀၀၅- ၀၆ ရာသီ၌ ဘလက်ဘန်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
တတိယအသင်းမှာ လီဗာပူးလ်ပင်ဖြစ်ပြီး ၂၀၁၉-၂၀ ရာသီ၌ မန်စီးတီးကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံးယှဉ်ပြိုင်ရသည့်ပွဲ၌ နှစ်ကြိမ်ရှုံးနိမ့်သည့် ပထမဆုံးအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက် က ချယ်လ်ဆီးအသင်း နိုင်ပွဲနှင့် ထိုက်တန်သော်လည်း မည်သည့်ရှုံးပွဲမဆို စိတ်ပျက်နာကျင်ရသည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံဆုရရှိပြီးဖြစ်သောကြောင့် အားစိုက်ကစားခြင်းမရှိတော့ကြောင်း ဝေဖန်ပြစ်တင်မှုများလည်း ရှိခဲ့သည်။
ယင်းအတွက် မေးမြန်းမှုကို ဗန်ဒိုက်က '' ဘောလုံးသမားဖြစ်လာသူတိုင်းက ပွဲတိုင်းကို နိုင်ချင်တာပါပဲ။ ကျွန်တော်တို့ ဒီပွဲအတွက် အသင့်ဖြစ်အောင် ပြီးခဲ့တဲ့ရက်တွေကတည်းက လေ့ကျင့်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ခက်ခဲမယ်ဆိုတာလည်း သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာကို နိုင်ပွဲယူဖို့ ရည်ရွယ်ပြီးလာခဲ့တာပါ။ သူတို့အတွက် နိုင်ပွဲက ထိုက်တန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ချန်ပီယံတွေဖြစ်တာကြောင့် ဒီရလဒ်အတွက် တကယ့်ကို စိတ်ပျက်မိပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group