Eleven Media Group

ယူရိုပါလိဂ်တွင် ဗိုလ်စွဲသည့်အသင်းအား ချန်ပီယံလိဂ်ဝင်ခွင့်ပေးသည့် စည်းမျဉ်းကို ဖျက်သိမ်းသင့်သည်ဟု အာစင်ဝင်းဂါး ပြောကြား

Photo: X

အာဆင်နယ်အသင်း၏ နည်းပြဟောင်းဖြစ်သည့် အာစင်ဝင်းဂါးက ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အနေဖြင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား ချန်ပီယံလိဂ်ဝင်ခွင့်ပေးသည့်စည်းမျဉ်းကို ဖျက်သိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်စေရန် ရည်ရွယ်ပြီး ၂၀၁၅-၁၆ ရာသီမှစ၍ ချန်ပီယံဆုရရှိသည့်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ပေးအပ်ခဲ့သည်။
အဆိုပါစည်းမျဉ်းအတိုင်း ကျင့်သုံးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုဝန်းကျင်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုအခါ အာစင်ဝင်းဂါးက UEFA အနေဖြင့် ပြန်လည်သုံးသပ်မှု ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူနှင့် စပါးအသင်းတို့ ဗိုလ်လုပွဲ ရောက်ရှိရန် နီးစပ်နေပြီး အင်္ဂလန်ကလပ်အသင်းတစ်သင်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ထပ်တိုးရရှိမည့်အခြေအနေဖြစ်နေသည့်အတွက် အာစင်ဝင်းဂါးအား မေးမြန်းခဲ့ရာ ''သူတို့ ယူရိုပါလိဂ်ဝင်ခွင့်ပဲ တိုက်ရိုက်ရရှိသင့်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပေးဖို့ မလိုအပ်ပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိထားပြီးဖြစ်တဲ့ ပရီးမီးယားလိဂ်က အသင်းတွေဆိုရင်ပေါ့။ ဒီကိစ္စကို UEFA အနေနဲ့ ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။
မန်ယူနှင့် စပါးတို့သည် ယူရိုပါ လိဂ်ဆီမီးဖိုင်နယ်ပထမအကျော့၌ ဂိုးပြတ်နိုင်ပွဲများရရှိထား၍ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် အလားအလာများနေခြင်းဖြစ်သည်။

မူရင်းသတင်း — Eleven Media Group