
ချန်ပီယံလိဂ်ဆီမီးဖို်င်နယ် ဒုတိယအကျော့မတိုင်မီ ထုတ်ပြန်ထားသော အလေးပေးမှုများအရ PSG အသင်းသည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်များတွင် PSG က အာဆင်နယ်အသင်းကို အဝေးကွင်း၌ (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာနှင့် အင်တာမီလန်တို့ (၃-၃)ဂိုးဖြင့် သရေကျခဲ့သည့်အတွက် PSG အသင်းက ရေပန်းအစားဆုံးဖြစ်လာခြင်းဖြစ်သည်။
PSG အသင်းက (၅း၄)လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဘာစီလိုနာအသင်းက (၅း၂)လေး၊ အင်တာမီလန်အသင်းက (၉း၂)လေး၊ အာဆင်နယ်အသင်းက (၁၅း၂)လေး သတ်မှတ်ခံထားရသည်။
PSG နည်းပြ အန်နရီကေးကလည်း အိမ်ကွင်းတွင် ယှဉ်ပြိုင်ရမည့် ဆီမီးဖို်င်နယ်ဒုတိယအကျော့၌ အာဆင်နယ်အသင်းကို ထပ်မံအနိုင်ယူရန် ရည်မှန်းထားသည်ဟု ပြောကြားခဲ့သည်။
''ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အိမ်ကွင်းမှာ ဒုတိယအကျော့ကို နိုင်ပွဲထပ်ရဖို့ပါပဲ။ ပထမအကျော့ရလဒ်ကို ကျွန်တော်တို့ ကျေနပ်လို့ မရနိုင်သေးပါဘူး။ အာဆင်နယ်အသင်းက တစ်စက္ကန့်အတွင်းမှာ အပြောင်းအလဲဖြစ်သွားအောင် လုပ်နိုင်တဲ့အသင်းပါ။ ကျွန်တော်တို့ ဘာမှ မရရှိသေးသလို၊ သူတို့လည်း ဘာမှ မဆုံးရှုံးသေးပါဘူး''ဟု အန်နရီကေးက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား မယ်ရီနိုကလည်း မိမိတို့အနေဖြင့် မည်သည့်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြပြီးသားဖြစ်သည်ဟု ပြောကြားခဲ့သည်။
''ပါရီက ခက်ခဲမယ့်နေရာ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြထားပြီးသားပါ။ ဒုတိယအကျော့မှာ ကျွန်တော်တို့ အနိုင်ရမယ်လို့ ထင်ပါတယ်''ဟု မယ်ရီနိုက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် PSG ကို ပြင်သစ်မြေတွင် ရှုံးနိမ့်ဖူးခြင်းမရှိသေးသည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ပထမအကျော့အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည့်(၅)ပွဲစလုံး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ နောက်ဆုံးကြုံတွေ့ခဲ့ရသည်မှာ ၂၀၁၅-၁၆ ရာသီ၌ ဘာစီလိုနာအသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။