Eleven Media Group

ဗိုလ်လုပွဲတက်ရောက်ရန်အတွက် ယမားလ်ကို တားဆီးနိုင်ရန်လိုအပ်သည်ဟု အင်ဇာဂီ သုံးသပ်

Photo: X

အင်တာမီလန်နည်းပြ ဆီမြွန်နီအင်ဇာဂီက ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ရန်အတွက် ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ကို တားဆီးနိုင်ရန် လိုအပ်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် ဘာစီလိုနာကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် (၃-၃)ဂိုးဖြင့် သရေကစားနိုင်ခဲ့ပြီး ဒုတိယအကျော့ကို အိမ်ကွင်းတွင် အင်္ဂါနေ့ (ယနေ့) ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ထို့ကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် မျှော်လင့်ချက်အပြည့် ရှိနေသော်လည်း အင်ဇာဂီက ပြိုင်ဘက်တိုက်စစ်ကစားသမား ယမားလ်ကို တားဆီးနိုင်ရန် လိုအပ်သည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
''သူ့ဆီ ဘောလုံးမရောက်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ပါဘူး။ သူ့ကို double marking လုပ်တာ ဒါမှမဟုတ် ကစားသမားတစ်ယောက်နဲ့ ထိန်းချုပ်တာမျိုးပဲဖြစ်ဖြစ် လုပ်ဆောင်သွားရမှာပါ။ သူက (၁၇)နှစ်ပဲ ရှိသေးပေမဲ့ အရမ်းအန္တရာယ်များတဲ့သူပါ။ လူတိုင်းက သူ့ဆီ ဘောလုံးပေးပို့နေကြတာပါ။ သူ့ရဲ့ တွေးခေါ်မှုက အရမ်းမြန်ဆန်ပြီး ဘောလုံးမရောက်ခင်မှာကတည်းက ဘာလုပ်ရမလဲဆိုတာ သိနေပြီးသား ကစားသမား ဖြစ်ပါတယ်''ဟု အင်ဇာဂီက ပြောကြားခဲ့သည်။
အင်တာမီလန်အသင်း၏ နောက်ခံလူ ဘတ်စ်တိုနီကလည်း အင်ဇာဂီနည်းတူ ယမားလ်ကို အဓိကထိန်းချုပ်ရလိမ့်မည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
ယမားလ်သည် ပထမအကျော့ပွဲတွင် အင်တာမီလန်ဘက်သို့ တစ်ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ယခုရာသီ၌ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၅၀) ကစားကာ (၁၅)ဂိုး သွင်းယူထားသူဖြစ်သည်။

မူရင်းသတင်း — Eleven Media Group