
နက်စတာ ဘောလုံးကစားတာက အနုပညာ ဆန်လွန်းတယ်။ အရည်အသွေး မြင့်လွန်းတယ်။ သူက ပြိုင်ဘက်ကို မြင်တယ်။ ဘောလုံးကို မြင်တယ်။ ပြီးတော့ ပြိုင်ဘက်ရဲ့အခင်းအကျင်းကို မြင်တယ်။ ပြီးတော့ အခြားအသင်းဖော်တွေ စဉ်းစားနေတုန်းမှာ သူ့ရဲ့ Movement က စနေပြီ။ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဟာ နက်စတာ ပြေးတဲ့နောက်ကို ဘောလုံးလိုက်ပေးကစားနေသလားလို့ ထင်ရလောက်အောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာကို ပွဲချိန်တစ်ပွဲအတွင်းမှာ ဆုံးဖြတ်နိုင်စွမ်းရှိသူဖြစ်တယ်။
အားကစားစိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးလာရင် အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဖြေဆိုရမယ့် အဖြေဆိုရင် . . .
၁။ သန့်ရှင်းစွာ ကစားခြင်း
၂။ ကြိုးကြိုးစားစားကစားခြင်းနဲ့
၃။ အသင်းဖော်ပြိုင်ဘက်များအပေါ် စာနာစိတ်ထားခြင်းလို့ပဲ ဖြေပါမယ်။
ကျွန်တော် နက်စတာကို စသိချိန်ကတည်းက သူကစားသမားဘဝက အနားယူသွားတဲ့အချိန်အထိ နက်စတာကို ဒီ သုံးချက်စလုံးနဲ့ ကိုက်ညီစွာ မြင်တွေ့ခဲ့ရတယ်။ ကြိုးစားတယ်။ မညစ်ဘူး။ လဲနေရင် ထူပေးတယ်။ အဲ့ဒါတွေထက် ပိုတာက သူ့ရဲ့ခံစစ်နဲ့ ပတ်သက်တဲ့ ပါရမီကို အမြဲတမ်း သက်သေပြ နိုင်လေ့ရှိတယ်။ ဒါကြောင့် ဘောလုံးသမိုင်းမှာ ခြေ စွမ်းအရရော၊ စိတ်ဓာတ်အရရော၊ နေဝင်ချိန်အထိ အမြင့်ဆုံးခြေစွမ်းကို ထိန်းထားနိုင်တဲ့အပိုင်းမှာပါ ပြည့်စုံတဲ့ လက်တစ်ဆုပ်စာ လူအနည်းငယ်ထဲမှာ နက်စတာက မဖြစ်မနေ ထည့်ရမယ့်သူဖြစ်တယ်။ (သူ့ရဲ့အစ်ကိုကြီးလို ဖြစ်နေတဲ့ မာလ်ဒီနီလည်း ဒီလိုပါပဲ)
နက်စတာတို့ မျိုးဆက်မှာတော့ နက်စတာဟာ အကောင်းဆုံးနောက်ခံလူပဲလို့ အားလုံးက တစ်ခဲနက် အသိအမှတ်ပြုရတယ်။ သူနဲ့ ခေတ်ပြိုင် သို့မဟုတ် နည်းနည်းနောက်ကျတဲ့ ခံစစ်ပါရမီရှင်တွေဟာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို မရောက်ခင် နက်စတာနဲ့ အနှိုင်းယှဉ်ခံရသေးတယ်။ ဒီအထဲမှာ ဖာဒီနန်လည်းပါတယ်။ ဂျွန်တယ်ရီလည်း ပါတယ်။ သူတို့ နက်စတာနီးပါးတော့ ကောင်းလာပြီလို့ သုံးသပ်ခံရရင် အဲဒီကစားသမားတွေ ဂုဏ်ယူရမယ့် ကစားသမားမျိုးပဲ။ ဒဏ်ရာပြဿနာတွေကြောင့် နက်စတာရဲ့ ကစားသမားဘဝမှာ အကြီးဆုံး ပွဲကြီးတွေကို လွတ်ခဲ့ဖူးတာရှိတယ်။ သူ့ကို ကျော်ပြီး ကင်နာဗာရိုက အကောင်းဆုံးနောက်ခံလူ အဖြစ် သတ်မှတ်ခံရတာတွေလည်းရှိတယ်။ ဒါတွေကတော့ အပြိုင်အဆိုင်အတွက် အငြင်းပွားစရာတွေပေါ့။ ဒါပေမဲ့ ဘယ်တော့မှ အငြင်းပွားစရာမဖြစ်ခဲ့တာက နက်စတာရဲ့ အားကစားစွမ်းရည်ပါပဲ။
ဘက်စကတ်ဘောရဲ့ကမ္ဘာ့ကြယ်ပွင့်တွေဆိုရင် သိပါတယ်။ ဘက်စကတ်ဘောကစားရတယ်ဆိုတာ တောင်ပေါ်ကနေ တောင်အောက်ကို အရှိန်နဲ့ လိမ့်လာတဲ့ စက်ဘီးပေါ်မှာနေပြီး Chess ထိုးနေခြင်းမျိုးပဲ။ အရှိန်အဟုန်နဲ့ ကစားနေရင်း ကစားကွက်ကို တွက်ချက်နေရတယ်။ ကျွန်တော့် သူ့ငယ်ချင်းတွေထဲမှာ ဘက်စကတ်ဘောပွဲတွေကိုကြည့်၊ ဘက်စကတ်ဘောကစားတာကို လွယ်တယ်ထင်တဲ့သူတွေ ကွင်းထဲရောက်တဲ့အခါ ခွေးပြေး၊ ဝက်ပြေးပြေးရတာချည်းပဲ။ ဇုန်(၇)နဲ့ ဇုန်(၅)ကို သုံးကျော့လောက်တက်၊ ဆင်းကစားလိုက်တာနဲ့တင် ဒုက္ခရောက်တယ်။ ဒါတောင် ဘက်စကတ်ဘောမှာ ဘာရာဇဝင်မှမရှိတဲ့ မြန်မာလိုနိုင်ငံမျိုးက အပျော်တမ်းအဆင့်တောင်မရှိတဲ့ ဘော်ဒါချင်း ချိန်းကစားတာမျိုးပဲ ရှိသေးတယ်။ ဟေးလားဝါးလား ကစားပြီး အမှတ်ပေးရင် ပေးရပါစေဆိုရင်တော့ လွယ်တာပေါ့။ တကယ်ကစားလေ ကြောက်စရာ ကောင်းလေပဲ။ ဒီကောင်တွေ လက်လန်သွားကြတဲ့ အထဲမှာ တကယ့် Skill ပိုင်းမပါသေးဘူး။ တစ်ဖက်က ဘောလုံးရသွားရင် ပြေးဆင်းရတာပဲ ရှိသေးတယ်။ သေချင်စော်နံသွားတယ်။
ဘောလုံးကစားတဲ့အခါမှာလည်း ကွင်းထဲမှာ ကစားဖူးတဲ့သူတိုင်း သိပါတယ်။ ကိုယ့်အသင်းက စီးနေရင်၊ စိုးမိုးထားရင် အင်မတန်ကစားလို့ ကောင်းပြီး၊ သက်လုံကျန်သလောက် အမောင်းခံရတဲ့ အသင်းဘက်ကနေ တကယ်လိုက်ကစားရင် (၁၀) မိနစ်မခံဘူး။ ရှိသမျှ သက်လုံအကုန် ပြုတ်ကျတာပဲ။ ဘာကြောင့်လဲဆိုတော့ With the ball နဲ့ of the ball movement တွေမှာ ခံစားချက်က တူကို မတူဘူး။ ဘောလုံးကိုင်ကစားရရင် သက်လုံကောင်းသလောက်၊ လိုက်ကစားရတဲ့ သူတွေအတွက်ကြတော့ ခဏလေးကလည်း ငရဲပဲ။ တစ်ခါတလေ မိနစ် (၉၀)ဆိုတာ၊ (၉)နာရီလောက် ကြာနေသလိုကို ခံစားရတယ်။ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေ ဟာ အသက်(၃၅၊ ၄၀)နားအထိ သူတို့ရဲ့ အရည်အသွေးကို ထိန်းနိုင်တယ်ဆိုတာ ဒါကြောင့်ပါ။ နောက်ခံလူတစ်ဦးအတွက် ဆိုရင်တော့ အသက်ကြီးလာလေ ပစ်ပယ်ခံရလေပဲ။ တကယ်လို့သာ ထိပ်တန်းအဆင့်မှာ မကစားတော့ဘဲ အောက်တစ်ဆင့်၊ နှစ်ဆင့်လောက် ဆင်းကစားတာမျိုး ဆိုရင်တော့ ပြဿနာမရှိဘူး။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်အသင်းက Possession Base နဲ့ ကစားပြီး၊ ပြိုင်ဘက်တိုက်စစ်နဲ့ ထိတွေ့မှုနည်းတဲ့ အသင်းမျိုးမှာ ကစားနေရရင်လည်း ပြဿနာမရှိဘူး။ လက်ရွေးစင်အသင်းက အီတလီ၊ ကလပ်အသင်းက အီတလီကလပ်တွေမှာ ကစားရတဲ့ ခံစစ်ကစားသမား တစ်ဦးအတွက် အသက်ကြီးတဲ့အထိ ထိပ်တန်း အဆင့်ပုံစံကို ထိန်းထားရတာ အရမ်းခက်ပါတယ်။ စောစောက ဘက်စကတ်ဘောဥပမာနဲ့ ပြောရရင် စက်ဘီးကို တောင်ပေါ် နင်းတက်နေရင်း Chess ကစားနေရသလိုပဲ။ အကြမ်းခံရတယ်။ အပင်ပန်း ခံနိုင်ရတယ်။ သက်လုံကောင်းရတယ်။ ပြီးတော့ အတွက်အချက်ကလည်း ကောင်းရသေးတယ်။ နက်စတာ၊ မာလ်ဒီနီ၊ ကင်နာဗာရိုတို့ဆိုတာ ဒီလိုကစားသမားတွေ။
နက်စတာ ဘောလုံးကစားတာက အနုပညာ ဆန်လွန်းတယ်။ အရည်အသွေး မြင့်လွန်းတယ်။ သူက ပြိုင်ဘက်ကို မြင်တယ်။ ဘောလုံးကို မြင်တယ်။ ပြီးတော့ ပြိုင်ဘက်ရဲ့အခင်းအကျင်းကို မြင်တယ်။ ပြီးတော့ အခြားအသင်းဖော်တွေ စဉ်းစားနေတုန်းမှာ သူ့ရဲ့ Movement က စနေပြီ။ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ဟာ နက်စတာ ပြေးတဲ့နောက်ကို ဘောလုံးလိုက်ပေးကစားနေသလားလို့ ထင်ရလောက်အောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပေါင်းများစွာကို ပွဲချိန်တစ်ပွဲအတွင်းမှာ ဆုံးဖြတ်နိုင်စွမ်းရှိသူဖြစ်တယ်။ ဒါကိုပဲ ကျွန်တော်တို့က ခံစစ်အနုပညာ၊ ခံစစ်အလှတရားအဖြစ် ရှုမြင်ကြတာ ဖြစ်တယ်။ နက်စတာနောက်ပိုင်းမှာ နက်စတာ လောက် အရည်အသွေးမြင့်တဲ့၊ ညက်ညောတဲ့ ခံစစ်ကစားသမားတစ်ဦးမှ မပေါ်တော့ဘူးလို့ ကျွန်တော် ရဲရဲကြီးပြောရဲတယ်။ မှန်တာမှားတာထားနော်။ ကျွန်တော့်ခံစားချက်ကို ပြောတာ။ သူက ဒီလိုပြောချင်ပစ်လိုက်ဖို့ အတွက် လုံလောက်တဲ့ ခံစစ်ပါရမီ၊ အရည်အသွေးတွေ ပြည့်စုံသူတစ်ဦးလည်းဖြစ်တယ်။
ထာဝရအကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို မေးကြည့်ရအောင်။ နက်စတာက ခံစစ်ကစားသမားတွေထဲမှာ GOAT လား။သူ ကမ္ဘာ့ဖလားရတယ်။ ချန်ပီယံလိဂ်ဖလား တွေရတယ်။ စကူဒက်တိုတွေရတယ်။ အချက်အလက်အရဆိုရင် ထည့်သွင်းစဉ်းစားလို့ရတဲ့သူပါ။ ခက်တာက နောက်တက်တွေထဲမှာ ဒီလို လုပ်ပြနိုင်တာ ပူယိုလ်း၊ ရာမို့စ်၊ ပီကေးတို့အပြင် အခြားသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဝမ်းနည်းစရာ ကောင်းတာက ဒီလိုပြောရင် ကင်နာဗာရိုကို အားနာစရာ၊ မာလ်ဒီနီကို အားနာစရာ၊ ပြီးတော့ အတိတ်က ကြယ်ပွင့်ကြီးတွေဖြစ်ခဲ့တဲ့ ဘာဂိုမီ၊ ဖရန်ကို ဘာရီဆီ၊ ကော်စတာကာတာ။ ပြီးတော့ ပြည်ပ ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ဘက်ကင်ဘောင်ဝါ၊ ဘော်ဘီမိုးတို့လို ကစားသမားတွေကြီးတွေ ရှိသေးတယ်။ ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေကို မဖြေချင်ဘူး။ ပြီးတော့ ခံစစ်ကစားသမားတွေရဲ့ Criteria တွေက ပြောင်းလဲနေပြီ။ အတိတ်က ကစားသမားတစ်ဦးဟာ မတူခြားနားတဲ့ အခြေအနေ၊ စည်းမျဉ်းတွေအောက်မှာ ကစားခဲ့ကြတာဖြစ်ပြီး ဒီလိုအနေအထားမျိုးမှာ မတူတဲ့ခေတ်တွေက ကစားသမားတွေကို ထာဝရအကောင်းဆုံးလို ဂုဏ်ပုဒ်မျိုးအတွက် မျှတတဲ့ နှိုင်းယှဉ်မှုမျိုး မဟုတ်ဘူးလို့ပဲ ပြောရမယ်။ ဒါကြောင့် နောက်ပိုင်း ကြယ်ပွင့်တွေအားလုံးထက် နက်စတာက ပိုကောင်းတယ်ဆိုတာတောင် တစ်ဦးတည်းအမြင်လို့ပဲ ပြောခဲ့တာ။ ဒါက အမှန်တရား ပါလို့ မပြောရဲဘူး။
နောက်ထပ်တစ်ချက်က နက်စတာရဲ့ စိတ်နေစိတ်ထားပါ။ သူ့ရဲ့ငွေတွေကို လူသားအကျိုးအတွက် သုံးဖို့ မတွန့်တိုဘူး။ ကင်ဆာဖောင်ဒေးရှင်းတွေ၊ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေမှာ စာသင်ကျောင်းနဲ့ သင်ထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းတွေ ဝင်ငွေနည်း မိသားစုတွေကို ထောက်ပံ့ပေးနေတဲ့ STEM-based သင် ရိုးညွှန်းတမ်းလိုဟာမျိုးတွေဟာ အရမ်းမွန်မြတ်ပါတယ်။ RAI က ဒီကိစ္စတွေအတွက် အင်တာဗျူး လုပ်ဖို့ ကြိုးစားတာကို နက်စတာ ပယ်ချခဲ့တာ (၆၊ ၇)ကြိမ်လောက်ရှိတယ်လို့လည်း ဆိုတယ်။ သူလုပ် နေတဲ့အလုပ်တွေအတွက် မဝင့်ကြွားချင်တာလည်း ပါမယ်။ ဒါပေမဲ့ နောက်ဆုံး လက်ခံတွေ့ဆုံဖြစ်တဲ့ အချိန်မှာ သူက "ဥရောပနဲ့ သူ သွားကစားခဲ့တဲ့ အမေရိကန်လိုနိုင်ငံတွေထက် တောင်အမေရိကနဲ့ အာဖရိကကို ပိုပြီး ကူညီဖြစ်ခဲ့တဲ့အကြောင်း၊ Cultural Infrastructure တွေကို တည်ဆောက် ပေးခြင်းက ကလေးတွေရဲ့ ဘဝရပ်တည်မှုကို ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်တဲ့အကြောင်း ပြောခဲ့တယ်။ ဒါကြောင့်လည်း ဘီလျံနာ ချားလ်စ်ကော့ချ်က နက်စတာဖောင်ဒေးရှင်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒါကြောင့်လည်း ရောမမြို့ရဲ့ဂုဏ် ထူးဆောင်ရောမသားဆုကို ရရှိခဲ့တာဖြစ်တယ်။
နက်စတာက ခံစစ်ဆိုတာကို အနုပညာတစ်ရပ်လိုမြင်အောင် ကစားပြခဲ့သူဖြစ်တယ်။ ပြိုင်ဘက် တိုက်စစ်မှူးတွေဆီက ဘောလုံးကို ခါးပိုက်နှိုက်တစ်ဦးရဲ့လက်တွေလို ညင်သာစွာ ဆွဲယူပြနိုင်သူ ဖြစ်တယ်။ ဘောလုံးကိုင်ထားတဲ့ တိုက်စစ်မှူးဟာ ကိုယ်ကိုင်ထားတဲ့ ဘောလုံးပျောက်သွားတဲ့ ပြကွက်မျိုးတွေနဲ့ Outwitted လုပ်ပြနိုင်သူလည်းဖြစ်တယ်။ ဘောလုံးကစားတဲ့အခါ သန့်ရှင်းခြင်း၊ မျှတခြင်းဆိုတဲ့ ရောင်ဝါလက္ခဏာတွေနဲ့ ပြည့်စုံနေသူလည်း ဖြစ်တယ်။ တစ်ခါတလေတော့ ၁၉၉၀၊ ၂၀၀၀ ဘောလုံးလောကကို ပြန်စဉ်းစားမိပြီး၊ အဲဒီလိုစဉ်းစားမိတဲ့ အခါတိုင်း နက်စတာကို လွမ်းမိပါတယ်။
Photo : X