
PSG အသင်းအား နှစ်ကျော့စလုံးရှုံးနိမ့်ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်း ထွက်ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
အာဆင်နယ်အသင်းသည် PSG အသင်းအား အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို အဝေးကွင်းတွင်လည်း (၁-၂) ဂိုးဖြင့် ထပ်မံရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်မှ ထွက်ခဲ့ရသည်။
အာဆင်နယ်အသင်းအနေဖြင့် အခွင့်အရေးကောင်းများ ဖန်တီးနိုင်သော်လည်း PSG ဂိုးသမား ဒွန်နာရမ်မာကို မကျော်ဖြတ်နိုင်သဖြင့် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ရာ အာတီတာက ယခုလို ပြောကြားခြင်းဖြစ်သည်။
''ကျွန်တော်တို့ တော်တော်လေးနီးစပ်ခဲ့ပါတယ်။ ရလဒ်မှာမြင်ရတာထက် အများကြီး ပိုနီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ကျွန်တော်တို့ ထွက်ခဲ့ရပါပြီ။ ကျွန်တော့် ကစားသမားတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော်မြင်ရသလောက် ကျွန်တော်တို့ထက် ပိုကောင်းတဲ့အသင်းရှိမယ်လို့ ၁၀၀ ရာခိုင်နှုန်း မထင်ထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထွက်ခဲ့ရပါပြီ။ ဒီပြိုင်ပွဲက ဂိုးဧရိယာတွေနဲ့သက်ဆိုင်ပါတယ်။ တိုက်စစ်မှူးတွေနဲ့ ဂိုးသမားတွေရှိတဲ့ ဂိုးဧရိယာ နှစ်ခုစလုံးပါ။ သူတို့တွေက နှစ်ပွဲစလုံးမှာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ နှစ်ပွဲစလုံးကို သုံးသပ်ကြည့်ရင် ဘယ်သူက အကောင်းဆုံးကစားသမားလဲ။ MVP (တန်ဖိုးအရှိဆုံးကစားသမား) က အတူတူပါပဲ။ ဂိုးသမားပါ'' ဟု အာတီတာက ဆိုသည်။
ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသောကြောင့် အာဆင်နယ်အသင်းအနေဖြင့် ယခုရာသီတွင် ဖလားလက်မဲ့အခြေအနေ ရင်ဆိုင်ရတော့မည်ဖြစ်သည်။