
PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက လယ်သမားလိဂ်မှအသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ပြီဟု လှောင်ပြောင်မှုများအား တုံ့ပြန်ပြောကြားသည်။
PSG အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ လိဂ်အဆင့် အစောပိုင်းတွင် အာဆင်နယ်အသင်းအား အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သော်လည်း မန်စီးတီးအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ရခဲ့သလို ၁၆ သင်းအဆင့်တွင် လီဗာပူးလ်အသင်း၊ ကွာတားဖိုင်နယ်တွင် ဗီလာအသင်း၊ ဆီမီးဖိုင်နယ်တွင် အာဆင်နယ်အသင်း စသည့် ပရီးမီးယားလိဂ်ပြိုင်ဘက်များကိုကျော်ဖြတ်၍ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အန်နရီကေးက ''လီဂူး-၁ က လယ်သမားလိဂ်မဟုတ်ဘူးလား။ ကျွန်တော်တို့က လယ်သမားလိဂ်ကပါ။ ဒါပေမဲ့ အဲဒါက ကောင်းပါတယ်။ ဒီရလဒ်နဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်၊ ဘယ်လိုကစားလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့အသင်းအကြောင်း ပြောတဲ့သူတိုင်းရဲ့ ချီးကျူးမှုကို သဘောကျပါတယ်။ အဲဒါက ကောင်းပါတယ်။ မီခေးလ်အာတီတာက မိတ်ဆွေကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ အာဆင်နယ်က နိုင်ပွဲရဖို့ ထိုက်တန်မှုရှိတယ်ဆိုတာကိုတော့ ကျွန်တော် လုံးဝသဘောမတူပါဘူး။ သူတို့က ကိုယ်ကစားချင်တဲ့ပုံစံ၊ ကိုယ်ကြိုက်တဲ့ပုံစံနဲ့ ကစားခဲ့တာပါ။ ဒါပေမဲ့ နှစ်ကျော့စလုံးမှာ ကျွန်တော်တို့က သူတို့ထက် ဂိုးပိုသွင်းနိုင်ခဲ့တယ်။ အဲဒါက အရေးကြီးဆုံးပါပဲ။ အာဆင်နယ်က ပွဲကောင်းတစ်ပွဲကို ကစားခဲ့ပြီး ကျွန်တော်တို့ကိုလည်း တော်တော်လေးအခက်တွေ့စေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်မှုရှိပါတယ်။ ထိပ်တန်းဂိုးသမားမရှိဘဲ ချန်ပီယံလိဂ်ဖလားကို ဘယ်လိုရယူနိုင်မှာလဲ။ ဒီနေ့မှာ ဂျီဂျီ (ဒွန်နာရမ်မာ) က အံ့မခန်းပါပဲ။ သူက လီဗာပူးလ်နဲ့ပွဲလိုပဲ အဆင့်တိုင်းမှာ လက်စွမ်းပြနိုင်ခဲ့တာပါ။ ခံစစ်ကောင်းကောင်းမရှိဘဲ ချန်ပီယံလိဂ်ဖလားကို ဘယ်လိုရယူနိုင်မှာလဲ။ ခံစစ်ကစားသမားတွေက ဒီနေ့ပွဲမှာ အံ့မခန်းပါပဲ'' ဟု ပြောကြားသည်။