Eleven Media Group

အာချာဘီကို တံတွေးဖြင့် ထွေးခဲ့ခြင်းမရှိကြောင်း အီနီဂိုမာတီနက်ဇ် ငြင်းဆန်

Photo: X

ဘာစီလိုနာအသင်းနောက်ခံလူ အီနီဂိုမာတီနက်ဇ်က အင်တာမီလန်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ပြိုင်ဘက်နောက်ခံလူ အာချာဘီကို တံတွေးဖြင့် ထွေးခဲ့ခြင်းမရှိကြောင်း ငြင်းဆန်ပြောကြားသည်။
မေ ၆ ရက်က ယှဉ်ပြိုင်ကစားသည့် အင်တာမီလန်-ဘာစီလိုနာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်အသင်း (၂-၀) ဂိုးဖြင့် ဦးဆောင်ခွင့်ရမည့်ဂိုးကို ချာဟာနိုဂလူး ပယ်နယ်တီမှ သွင်းယူပြီးနောက် အာချာဘီက မာတီနက်ဇ် အနီးမှပြေး၍အောင်ပွဲခံစဉ် ၎င်းတို့နှစ်ဦး အချင်းများခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကို VAR ဖြင့် စစ်ဆေးပြီးနောက် အရေးယူခဲ့ခြင်းမရှိသော်လည်း ရုပ်သံပြကွက်များအရ မာတီနက်ဇ်အနေဖြင့် အာချာဘီရှိရာသို့ တံတွေးထွေးခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်။
သို့သော် မာတီနက်ဇ်က ငြင်းပယ်ခဲ့ပြီး တံတွေးထွေးပါက ထုတ်ပယ်ခံရလိမ့်မည်ဟု ပြောကြားသည်။
မာနီနက်ဇ်သည် ပွဲအပြီးတွင် ဒိုင်လူကြီးကို ပြစ်တင်ကြိမ်းမောင်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group