
နာမည်ကြီးဒစ်ဂျစ်တယ်ကုမ္ပဏီဖြစ်သည့် Sportico ၏ ၂၀၂၅ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကလပ်များ ထုတ်ပြန်ချက်တွင် လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းက ပရီးမီးယားလိဂ်နာမည်ကြီးကလပ် မန်ယူနိုက်တက်အသင်းကို ပြန်လည်ကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်လာခဲ့ကြောင်း သိရသည်။
Sportico ၏ ထုတ်ပြန်ချက်အရ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဒေါ်လာ (၆.၅၃)ဘီလီယံဖြင့် ထိပ်ဆုံးတွင် ရှိခဲ့ပြီး မန်ယူနိုက်တက်အသင်းက ဒေါ်လာ(၆.၀၅)ဘီလီယံဖြင့် ဒုတိယ၊ ဘာစီလိုနာအသင်းက ဒေါ်လာ(၅.၇၁) ဘီလီယံဖြင့် တတိယ၊ လီဗာပူးလ်အသင်းက ဒေါ်လာ(၅.၅၉)ဘီလီယံဖြင့် စတုတ္ထ၊ ဘိုင်ယန်မြူးနစ်အသင်းက ဒေါ်လာ(၅.၂၁)ဘီလီယံဖြင့် ပဥ္စမနေရာများတွင် အသီးသီးရပ်တည်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ(၆.၀၆)ဘီလီယံသာ ရှိခဲ့ရာမှ ယခုနှစ်တွင် များစွာမြင့်တက်ခဲ့သည်။
မန်ယူနိုက်တက်အသင်းအနေဖြင့် ယမန်နှစ်တွင် ဒေါ်လာ(၆.၂) ဘီလီယံဖြင့် ထိပ်ဆုံးရပ်တည်ခဲ့ခြင်း ဖြစ်သည်။
တတိယနေရာမှ ဆဋ္ဌမနေရာအထိနှင့် အဆင့်(၉၊ ၁၀)နေရာများမှာ ယမန်နှစ်က အသင်းများသာ အပြောင်းအလဲမရှိ ရပ်တည်နိုင်ခဲ့သည်။
ထိပ်ဆုံး(၁၀)သင်းတွင် အခြားပြောင်းလဲမှုအဖြစ် အာဆင်နယ်အသင်းက ဒေါ်လာ(၄.၄၉)ဘီလီယံဖြင့် PSG (ဒေါ်လာ ၄.၂၆ ဘီလီယံ)အသင်းကို ကျော်ဖြတ်ကာ အဆင့်(၇)နေရာသို့ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး(၅၀)သင်း စာရင်းတွင် မေဂျာလိဂ်ကလပ်များက အသင်း(၂၀) ပါဝင်ခဲ့ကာ အများဆုံးဖြစ်ခဲ့ပြီး ထိပ်ဆုံး(၂၀)သင်းစာရင်းတွင်လည်း ငါးသင်းအထိ စာရင်းဝင်ခဲ့ကြသည်။