
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှားအတွက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် အခွင့်အလမ်းရရှိစေခြင်းက ယူကရိန်းစစ်ပွဲ အဆုံးသတ်ရန် စွမ်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီးကတည်းက ရုရှားလက်ရွေးစင်ဘောလုံးအသင်းများကို FIFA နှင့် UEFA မှ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရန့်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက်ခံရလျှင် သမ္မတရာထူး တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့ကတည်းက ယူကရိန်းစစ်ပွဲ ရပ်တန့်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မဲဆွယ်ခဲ့သည်။
လက်ရှိစည်းမျဉ်းမျာအရ ရုရှားအသင်းသည် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို သုံးနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်မရှိကြောင်း သိရသည်။
ဒေါ်နယ်ထရန့်သည် ၂၀၂၆ ကမ္ဘာ့ဖလား ကျင်းပရေးတာဝန်ရှိသူများနှင့် သူ၏ရုံးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနိုလည်း တက်ရောက်ခဲ့သည်။
ဒေါ်နယ်ထရန့်က ရုရှားအား နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားမှုကို သူ့အနေဖြင့် သတိမမူမိကြောင်းလည်း ဝန်ခံခဲ့သည်။
''ဒီကိစ္စကို ကျွန်တော် မသိပါဘူး။ အဲဒါအမှန်လား(ရုရှားကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားမှု)''ဟု ဒေါ်နယ်ထရန့်က အင်ဖန်တီနိုကို မေးမြန်းခဲ့သည်။
အင်ဖန်တီနိုက ''အဲဒါအမှန်ပါပဲ။ သူတို့ ပြိုင်ပွဲတွေကစားဖို့ ပိတ်ပင်ခံထားရပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ရာဖြစ်လာဖို့နဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါက ရုရှားအနေနဲ့ ပြိုင်ပွဲပြန်လည်ယှဉ်ပြိုင်ဖို့ပါပဲ''ဟု တုံ့ပြန်ခဲ့သည်။
ယင်းစကားကိုမူ ဒေါ်နယ်ထရန့်က ''ဒါက ဖြစ်နိုင်ပါတယ်။ ကောင်းမွန်တဲ့ ဆွဲဆောင်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါမှန်လား။ ကျွန်တော်တို့ သူတို့ကိုရပ်တန့်ဖို့ အလိုရှိခဲ့ကြတယ်။ တစ်ပတ်ကို လူငယ် ငါးထောင်လောက် အသတ်ခံနေရတယ်။ ဒါက ယုံနိုင်စရာတောင် မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ရုရှားအား ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမှုသည် အင်ဖန်တီနိုသာ ဆုံးဖြတ်နိုင်ပြီး မိမိအနေဖြင့် မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
အမေရိကန်ဒုသမ္မတဖြစ်သူ ဂျေဒီဗန့်က ပြိုင်ပွဲသို့ လာရောက်မည့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်များကို လှိုက်လှဲပျူငှာစွာ ကြိုဆိုမည်ဖြစ်သော်လည်း ပြိုင်ပွဲပြီးဆုံးလျှင် နေရပ်သို့ပြန်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။
အမေရိကန်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ဗိုလ်လုပွဲအပါအဝင် ပွဲစဉ်ပေါင်း (၁၀၄)ပွဲအနက် (၇၈)ပွဲကို လက်ခံကျင်းပရမည်ဖြစ်သည်။
ထို့ပြင် အမေရိကန်အနေဖြင့် လာမည့်လတွင်လည်း ပုံစံသစ်ဖြင့်ကျင်းပသွားမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။