
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့သည့် အစ်ဝစ်ချ်အသင်း၏ တိုက်စစ်မှူး ဒီလပ်အား ခေါ်ယူရန် ကမ်းလှမ်းတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ဒီလပ်သည် မန်စီးတီးအသင်း လူငယ်စီမံကိန်းမှ ကိုုးလ်ပါလ်မာနှင့်အတူ ထွက်ပေါ်လာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီအစကမှ အစ်ဝစ်ချ်အသင်းထံသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
သူသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် အစ်ဝစ်ချ်ကို တန်းမဆင်းရအောင် မကူညီနိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၂) ဂိုးအထိ ရရှိခဲ့ပြီး ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့သည်။
အာဆင်နယ်အသင်း၏ မူလပစ်မှတ်ကစားသမားဖြစ်သည့် ဘင်ဂျမင်ရှက်ရှကို၏ လက်ရှိပြောင်းရွှေ့ကြေးမှာ စာချုပ်လျော်ကြေးငွေပမာဏမြင့်တက်သွားခဲ့သည့်အတွက် ပေါင်သန်း (၈၀) အထိ အသုံးပြုရဖွယ်ရှိရာ အာဆင်နယ်အသင်း၏ အားကစားဒါရိုက်တာသစ်ဖြစ်သည့် အန်ဒရီယာဘာတာက ၎င်းအစား ဒီလပ်ကိုသာ ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။
အသက် (၂၂) နှစ်သာ ရှိသေးသည့် ဒီလပ်သည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ်များကို ပထမဆုံးအနေဖြင့် ကစားခွင့်ရခဲ့ခြင်းဖြစ်သော်လည်း အကောင်းဆုံးပုံစံပြသနိုင်ခဲ့သည့် လူငယ်တစ်ဦးဖြစ်သည်။