
ဘရန့်ဖို့ဒ်အသင်းမှ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အမ်ဘူမိုကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီး(၄)သင်း အပြိုင်လိုက်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အမ်ဘူမို(၂၅ နှစ်)သည် ယခုရာသီတွင် ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၈)ပွဲ၌ (၁၈)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
အမ်ဘူမိုကို ခေါ်ယူရန် ကြိုးပမ်းနေသည့်အသင်းများမှာ လီဗာပူးလ်၊ မန်ယူ၊ နယူးကာဆယ်နှင့် စပါးတို့ဖြစ်ကြောင်း သိရသည်။
အမ်ဘူမိုသည် ဘရန့်ဖို့ဒ်အသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး တစ်နှစ်ထပ်မံ သက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ရှိနေသော်လည်း ဘရန့်ဖို့်ဒ်အသင်းက ၎င်းတို့အလိုရှိသည့် ပြောင်းရွှေ့ကြေးပမာဏ ရရှိခဲ့ပါက ရောင်းထုတ်ရန် စီစဉ်ထားကြောင်း သိရသည်။
ဘရန့်ဖို့ဒ်အသင်းသည် အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးပေါင်သန်း(၆၀)ရရှိရန် လိုလားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းသည် အမ်ဘူမို၏ တွဲဖက်တိုက်စစ်ကစားသမားအဖြစ် ခြေစွမ်းပြနေသည့် ကွန်ဂိုတိုက်စစ်မှူး ယွန်နီဝစ်ဆာအတွက် ကမ်းလှမ်းမှုများကိုလည်း လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။
ဝစ်ဆာ(၂၈ နှစ်)အတွက် ပြောင်းရွှေ့ကြေးကိုမူ ပေါင်သန်း (၃၀)ဝန်းကျင်ဟု သတ်မှတ်ထားကြောင်း သိရသည်။