Eleven Media Group

အမှတ်ပေးပြိုင်ပွဲ၌ တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲ အများဆုံးကြုံတွေ့သည့်ရာသီအဖြစ် မန်ယူအသင်း မှတ်တမ်းဝင်

Photo: Premier League

မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းကို အိမ်ကွင်း၌ (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ယခုရာသီ၌ ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲ (၉)ပွဲ ရှိသွားခဲ့သည်။
ထို့ကြောင့် အမှတ်ပေးပြိုင်ပွဲ၌ တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲအများဆုံးကြုံတွေ့ရသည့် ရာသီတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ၁၉၃၀-၃၁ ရာသီ၊ ၁၉၃၃-၃၄ ရာသီနှင့် ၁၉၆၂-၆၃ ရာသီတို့တွင်လည်း အိမ်ကွင်းရှုံးပွဲ(၉)ပွဲရှိခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်တွင်မူ ယခုရာသီ၌ အိမ်ကွင်းရှုံးပွဲ အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စုစုပေါင်းရှုံးပွဲ(၁၇)ပွဲရှိခဲ့ခြင်းမှာလည်း ၁၉၇၃-၇၄ ရာသီတွင် ပွဲ(၂၀)ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အများဆုံးဖြစ်သည်။
မန်ယူအသင်းသည် ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယား အဆင့်(၁၆)နေရာသို့ ရောက်ရှိသွားခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် မန်ယူကို ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် အနိုင်ရသည်မှာ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group