
စပါးအသင်း၏ ပရိသတ်အချို့သည် ခရစ္စတယ်ပဲလေ့စ်အသင်းအား ရှုံးနိမ့်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကို လှောင်ပြောင်သည့်စာတန်း ကိုင်ဆောင်ကာ အားပေးခဲ့ကြောင်း သိရသည်။
ယင်းပရိသတ်များက PSG အသင်းကို ကျေးဇူးတင်သည်ဟု အဓိပ္ပာယ်ရသော ''MERCI PSG'' ဟူသည့် စာတန်းဖြင့် အားပေးခဲ့ကြခြင်းဖြစ်ပြီး ကွင်းလုံခြုံရေးများက ဖယ်ရှားခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် PSG အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည့်အတွက် စပါးအသင်းက ယခုကဲ့သို့ လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။
စပါးအသင်းမှာမူ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
စပါးအသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ယခုရာသီတွင် ပြိုင်ပွဲစုံရှုံးပွဲ (၂၄)ပွဲရှိသွားခဲ့သည်။
ထို့ကြောင့် ၁၉၉၁-၉၂ ရာသီတွင် ရှုံးပွဲ(၂၅)ပွဲ ကြုံတွေ့ခဲ့သည့်နောက်ပိုင်း ရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။