
အက်သလက်တီကိုတိုက်စစ်မှူး ဆော်လော့ချ်သည် ဆိုစီဒက်အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ အသင်းအတွက် (၄) ဂိုးစလုံးကို သွင်းယူခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးနှင့် အစောဆုံးဟက်ထရစ်သွင်းယူသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
မေလ (၁၀) ရက်(စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ် အက်သလက်တီကို (၄-၀) ဆိုစီဒက်ပွဲ၌ အက်သလက်တီကိုတိုက်စစ်မှူး ဆော်လော့ချ်သည် ပွဲချိန် (၇) မိနစ်၊ (၁၀) မိနစ်၊ (၁၁) မိနစ်နှင့် (၃၀) မိနစ်တို့တွင် အသင်းအတွက် (၄) ဂိုးစလုံးကို သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဆော်လော့ချ်သည် (၃) မိနစ်နှင့် (၄၇) စက္ကန့်အတွင်း ဟက်ထရစ် (၃ ဂိုး) သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းမှာ လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ယခင်က လာလီဂါပြိုင်ပွဲသမိုင်းတွင် အမြန်ဆုံးဟက်ထရစ်သွင်းသူအဖြစ် စပိန်တိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာက မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။
ဒေးဗစ်ဗီလာသည် ဗလင်စီယာအသင်းတွင် ကစားနေစဉ်အတွင်း ၂၀၁၆ ခုနှစ်က ကစားခဲ့သည့် ဘီလ်ဘာအိုအသင်းနှင့် လာလီဂါပွဲစဉ်တွင် (၄) မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဆော်လော့ချ်က ဒေးဗစ်ဗီလာ၏ (၁၉) နှစ်ကြာ အမြန်ဆုံးဟက်ထရစ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဆော်လော့ချ်သည် ဆိုစီဒက်ကို (၄-၀) ဂိုးဖြင့် အနိုင်ရသည့်ပွဲ၌ ပွဲအစ (၁၁) မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့ခြင်းပြီး ယင်းမှာလည်း လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် အစောဆုံးဟက်ထရစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ယခင်က လာလီဂါသမိုင်းတွင် အစောဆုံးဟက်ထရစ်သွင်းသူများအဖြစ် CE ယူရိုပါတိုက်စစ်မှူးဟောင်း ဘက်စ်တစ်(၁၉၂၉) နှင့် ဗလင်စီယာတိုက်စစ်မှူးဟောင်း မန်ဒူ (၁၉၄၁)တို့က ပွဲအစ (၁၅) မိနစ်အတွင်းသွင်းယူကာ စံချိန်တင်ထားခဲ့ပြီး ယခု ဆော်လော့ချ်က ယင်းစံချိန်ကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။