Eleven Media Group

ONE Championship တွင် ချန်ပီယံဖြစ်ရမည်ဟု ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာကြုံးဝါး

Photo: Vero Nika Facebook

ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာက ONE Championship တွင် ချန်ပီယံဖြစ်ရမည်ဟု ထိုင်းအမျိုးသမီးဖိုက်တာ ဂျူနီယာအား အလဲထိုးအနိုင်ရအပြီးတွင် ကြုံးဝါးပြောဆိုသည်။
ကယန်းတိုင်းရင်းသူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဗီရိုနီကာသည် ပြီးခဲ့သည့် မေ ၉ ရက်က ကျင်းပသည့် ONE Friday Fights 107 ပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဖိုက်တာ ဂျူနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒုတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းကဲ့သို့ အလဲထိုးအနိုင်ရအပြီး စင်မြင့်ပေါ်မှနေ၍ ဗီရိုနီကာက ''ကျွန်မ လုပ်ပြနိုင်ခဲ့ပြီ။ အားလုံးရဲ့ရှေ့မှာ ကျွန်မ စွမ်းဆောင်ပြနိုင်ခဲ့ပါပြီ။ ဒီပွဲအတွက် ကျွန်မ လေ့ကျင့်မှုတွေကို အကောင်းဆုံးလုပ်ခဲ့တယ်။ ပွဲအပေါ် အမြဲအာရုံစိုက်ခဲ့ပါ တယ်။ ဒါကြောင့် ကျွန်မ အခုလိုလုပ်ပြနိုင်ခဲ့တာပါ။ ကျွန်မကို ယုံကြည်ပေးပါ။ တစ်နေ့နေ့ ကျွန်မ ချန်ပီယံဖြစ်လာစေရပါမယ်။ နောက်ပြီး ချက်ထရီ(ONE Championship CEO) ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ သူက ကျွန်မဘဝကို ပြောင်းလဲအောင် ကူညီပေးခဲ့သူပါ။ ပရိသတ်တွေလည်း အတူတူပါပဲ။ ချက်ထရီကို ဘောနပ်စ်တွေအတွက်ရော၊ အရာရာအတွက်ပါ ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်မရဲ့ အသင်းဟောင်း တိုက်ဂါးကလပ်အပါအဝင် လေ့ကျင့်ဖော်တွေ၊ နည်းပြတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့နောက် ဗီရိုနီကာသည် ပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံ၍ အင်တာဗျူးပြုလုပ်ခဲ့သည်။
ယင်းအာတာဗျူးတွင် ဗီရိုနီကာက ''ကျွန်မက ကျွန်မတစ်ကိုယ်တည်းအတွက် ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေတာပါ။ ဒီအတွက် ကျွန်မ အရမ်းဝမ်းသာပါတယ်။ အခုလို ကွင်းထဲအထိ လာအားပေးကြတဲ့အတွက်ရော နိုင်ငံအနှံ့အပြားကရော အားပေးနေကြတဲ့အတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ နိုင်ပွဲက လတ်တလော ရှုံးပွဲကြုံတွေ့နေရတဲ့ ဘဝတူမြန်မာဖိုက်တာတွေအတွက် ခွန်အားဖြစ်စေမယ်လို့ ယူဆပါတယ်။ ပထမပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ကျွန်မ အရမ်းခံစားခဲ့ရတယ်။ မြန်မာပရိသတ်တွေက အနိုင်ပဲလိုချင်ကြတာ။ ပွဲပြီးတော့ ကိုယ့်ဘာသာ ပြန်သုံးသပ်တယ်။ မှားနေတဲ့အရာတွေအားလုံးကို ပြန်ပြင်ခဲ့တယ်။ စည်းကမ်းပိုင်း၊ အစားအသောက်ပိုင်း၊ လေ့ကျင့်မှုပိုင်း အားလုံးကို စနစ်တကျဖြစ်အောင်ပြန်ပြင်ဆင်ခဲ့တယ်။ ဒါကြောင့်လည်း အခုလို နိုင်ပွဲရခဲ့တာပါ။ အခုပွဲအတွက်ဆိုရင် သက်လုံပိုင်းရော၊ နည်းဗျူဟာပိုင်းပါ သေချာပြင်ဆင်ခဲ့ရပါတယ်။ ကျွန်မက အရင်ပွဲတွေကဆိုရင် ပြိုင်ဘက်ကို မကြည့်ဘူး၊ ကိုယ်ကောင်းဖို့ပဲ ပြင်ဆင်တာ။ အခုက ပြိုင်ဘက်ကိုလည်း သေချာလေ့လာခဲ့ပါတယ်။ ကျွန်မရဲ့ဝိတ်တန်းမှာဆို ဘယ်သူနဲ့ဖြစ်ဖြစ် ယှဉ်ပြိုင်ထိုးသတ်ချင်ပါတယ်။ မကြောက်ပါဘူး။ ဒါကြောင့် ကျွန်မ ချန်ပီယံဖြစ်ရမယ်လို့ စင်ပေါ်မှာ ပြောလိုက်တာပါ''ဟု မေးခွန်းများကို ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group