Eleven Media Group

ထိုင်းလိဂ်-၁ သို့ တန်းတက်ခွင့်ရမည့် Play-Off Final အဖြစ် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါနှင့် အောင်ကောင်မာန်၏ ဖာရေးယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

Photo: Facebook

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးများဖြစ်သည့် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းနှင့် အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းတို့သည် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ယခုရာသီ ထိုင်းလိဂ်-၂ အမှတ်ပေးပြိုင်ပွဲအပြီးတွင် အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းသည် အမှတ်ပေးဇယား၌ အဆင့်(၃)၊ သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် အမှတ်ပေးဇယား၌ အဆင့်(၄) နေရာတို့တွင် ရပ်တည်ခဲ့ကြသည်။
ထိုင်းလိဂ်ပြိုင်ပွဲများကျင်းပရေးကော်မတီသည် ထိုင်းလိဂ်-၂ ပြိုင်ပွဲအပြီးတွင် အဆင့်(၃၊ ၄၊ ၅၊ ၆) ရ အသင်း (၄) သင်းအား Play-Off ပွဲစဉ်များ ကစားစေပြီး နောက်ဆုံးအနိုင်ရ အသင်းတစ်သင်းအား ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ပြုမည်ဖြစ်သည်။
ထို့ကြောင့် ယင်းအသင်း လေးသင်းအား ပထမအဆင့်အနေဖြင့် Play-Off ဆီမီးဖိုင်နယ်အဖြစ် ယှဉ်ပြိုင်ကစားစေရာ အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားအဆင့်(၆) ရ လမ်ပန်းအသင်းကို ပထမအကျော့တွင် (၂-၂) ဂိုးဖြင့် သရေကျပြီး ဒုတိယအကျော့တွင် (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အခြား Play-Off ဆီမီးဖိုင်နယ်တွင် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် အဆင့်(၅) ရ မဟာဆာရာခမ်အသင်းကို ပထမအကျော့တွင် (၃-၃) ဂိုးဖြင့် သရေကျပြီး ဒုတိယအကျော့တွင် (၄-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းနှင့် အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းတို့သည် ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပွဲစဉ်များအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ထိုင်းလိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ခွင့်ရမည့် Play-Off Final ပထမအကျော့အဖြစ် လာမည့်မေ ၁၇ ရက်တွင် သန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းက အိမ်ကွင်းအဖြစ် စတင်လက်ခံကစားရမည်ဖြစ်ပြီး ဒုတိယအကျော့အဖြစ် မေ ၂၄ ရက်တွင် အောင်ကောင်းမာန်၏ ဖာရေးယူနိုက်တက်အသင်းက အိမ်ကွင်းလက်ခံကစားရမည်ဖြစ်သည်။
ယခုရာသီတွင် အောင်ကောင်းမာန်သည် ဖာရေးယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခြင်း မရှိသေးသော်လည်း သန်းပိုင်မှာမူ ကန်ချနာဘူရီပါ၀ါအသင်းအတွက် လေးဂိုးသွင်းယူပေးထားသည်။

မူရင်းသတင်း — Eleven Media Group