
"ဒါဟာ ဆုဖလားများစွာရဲ့ အဦးအစဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ထိပ်တန်းနည်းပြကိုလည်း ပိုင်ဆိုင်ထားပါတယ်"လို့ ဟာရီကိန်းက ကြုံးဝါးလိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၁၅)နှစ်တာကာလအတွင်းမှာ ပထမဆုံးသော ဆုဖလားကို အခုမှ ကိုင်မြှောက်ခွင့်ရရှိခြင်းဖြစ်တာကြောင့်လည်း ဟာရီကိန်းက ဆယ်ကျော်သက်လေးတစ်ယောက်လို မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မြူးတူးနေခဲ့တာ ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာပြယ်ချိန် ရောက်ရှိလာခဲ့ပြီ ဆိုတာပါပဲ။
"ဒါဟာ ဆုဖလားများစွာရဲ့ အဦးအစဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး ထိပ်တန်းနည်းပြကိုလည်း ပိုင်ဆိုင်ထားပါတယ်"လို့ ဟာရီကိန်းက ကြုံးဝါးလိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၁၅)နှစ်တာကာလအတွင်းမှာ ပထမဆုံးသော ဆုဖလားကို အခုမှ ကိုင်မြှောက်ခွင့်ရရှိခြင်းဖြစ်တာကြောင့်လည်း ဟာရီကိန်းက ဆယ်ကျော်သက်လေးတစ်ယောက်လို မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မြူးတူးနေခဲ့တာ ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာပြယ်ချိန် ရောက်ရှိလာခဲ့ပြီ ဆိုတာပါပဲ။
စပါးမှာ နှစ်ပေါင်းများစွာ
လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ဟာရီကိန်းက အသက်(၈)နှစ်အရွယ်မှာ အာဆင်နယ်အကယ်ဒမီကို ရောက်ခဲ့ဖူးပေမဲ့ နည်းနည်းဝနေပြီး အားကစားသမား မဖြစ်နိုင်ဘူးဆိုတဲ့ မှတ်ချက်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဟာရီကိန်းကို အဲဒီလို လက်လွတ်ခဲ့ရခြင်းအတွက် စိတ်ပျက်မိကြောင်းလည်း အာစင်ဝင်းဂါးက ဝန်ခံခဲ့ဖူးပါတယ်။ ဟာရီကိန်းက စပါးအသင်းမှာ ပထမဆုံးအကြိမ် သွားရောက်အစမ်းသပ်ခံတော့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဒေသတွင်းကလပ် ရစ်ချ်ဝေးရိုဗာကိုပဲ ပြန်ရောက်ခဲ့ပြီး ၂၀၀၄ မှာတော့ ဝက်ဖို့ဒ်အကယ်ဒမီကို ရောက်ခဲ့ပါတယ်။ ဝက်ဖို့ဒ်မှာ လေ့ကျင့်နေတုန်း စပါးအသင်းနဲ့ ခြေစမ်းကစားချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စပါးအသင်းက သဘောကျပြီး စပါးအကယ်ဒမီကို အသက်(၁၁)နှစ်အရွယ်မှာ ခေါ်ယူခဲ့တာပါ။ ဟာရီကိန်းကတော့ သူ့ရဲ့ မိသားစုဝင်အများစုဟာ စပါးအသင်းရဲ့ ပရိသတ်တွေဖြစ်ပြီး သူ့အနေနဲ့လည်း ကွင်းထဲ (၁၅)မိနစ်လောက် ခြေချပြီးချိန်ကတည်းက ထာဝရစပါးပရိသတ် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ငယ်ဘ၀ Idol က စပါးတိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်ဖြစ်ခဲ့ပြီး နောက်ထပ် လွှမ်းမိုးနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ ဒေးဗစ်ဘက်ခမ်နဲ့ ဒီဖိုးတို့ ဖြစ်ခဲ့ပါတယ်။ သူ့ကို တိုက်စစ်မှူးတစ်ယောက် ဖြစ်လာစေချင်အောင် ဆွဲဆောင်နိုင်ခဲ့တာကတော့ ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုပါပဲလို့လည်း ဟာရီကိန်းက ဆိုခဲ့ဖူးပါတယ်။ ဟာရီကိန်းက အသက်(၁၇)နှစ်ပြည့်ချိန်မှာ စပါးအသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် စတင်ချုပ်ဆိုနိုင်ခဲ့ပေမဲ့ အသင်းကြီးမှာ ချက်ချင်းနေရာမရခဲ့ပါဘူး။ League One ကလပ် လော်ရီယန့်၊ ချန်ပီယံ ရှစ်ကလပ် မီဝေါလ်၊ ပရီးမီးယားလိဂ်ကလပ် နောဝစ်ချ်၊ ချန်ပီယံရှစ်ကလပ် လက်စတာအသင်းတွေဆီ ဆက်တိုက်အငှားချခံခဲ့ရပြီး ၂၀၁၃-၁၄ ရာသီမှာမှ စပါးအသင်းအတွက် ကစားခွင့်ရလာခဲ့တာပါ။ ၂၀၁၄-၁၅ ရာသီမှာတော့ စပါးအသင်းရဲ့ အမာခံကစားသမား ဖြစ်လာတဲ့အပြင် PFA က ချီးမြှင့်တဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဟာရီကိန်းက စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်ဦးချင်းထူးချွန်ဆုများစွာ သိမ်းပိုက်နိုင်ခဲ့ပြီး သွင်းဂိုးမှတ်တမ်းကလည်း တရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။ အခု သူက စပါးအသင်းအတွက်ရော အင်္ဂလန်လက်ရွေးစင် အသင်းအတွက်ပါ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လည်း အသက်(၃၀)အရွယ် ကစားသမားကို ဘိုင်ယန်မြူးနစ်အသင်းက ယူရိုသန်း(၁၁၀)ပေးပြီး ခေါ်ယူခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းက ၂၀၂၃ နွေရာသီမှာ ဟာရီကိန်းကို ကနဦးပြောင်း ရွှေ့ကြေးယူရိုသန်း(၁၀၀)နဲ့ အပိုဆုကြေး ယူရို (၁၀)သန်းပေးကာ ခေါ်ယူခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါရဲ့ တန်ဖိုးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ဆုံးရှုံးထားခဲ့ရတာဖြစ်လို့ အတွေ့အကြုံရင့်ကျက်တဲ့ ဟာရီကိန်းနဲ့ ပြန်အစားထိုးခဲ့တာပါ။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ တွယ်ဖက်လာခဲ့တဲ့ စပါးအသင်းကို ဟာရီကိန်း စွန့်ခွာခဲ့တဲ့ အကြောင်းပြချက်ကတော့ ဆုဖလားအောင်ပွဲတွေ ရယူနိုင်ဖို့ပါပဲ။ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ရာသီပြီးတစ်ရာသီ ကုန်လွန်လာခဲ့ပေမဲ့ ဆုဖလားအောင်ပွဲ ရယူနိုင်ခြင်းမရှိတဲ့အခြေအနေကို ဟာရီကိန်း သည်းမခံနိုင်တော့တာကြောင့်လို့ပဲ ဆိုရမှာပါ။ တကယ်လို့များ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့မယ်ဆိုရင် ဟာရီကိန်း ဖြေသာနိုင်မှာဖြစ်လို့ စပါးနဲ့ လမ်းခွဲဖို့ တွေးချင်မှ တွေးမိမှာပါ။ အခုတော့ အင်္ဂလန်နဲ့လည်း အကောင်းဆုံးအရှုံးသမားသာ ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ မှာကတည်းက စပါးအသင်းနဲ့ လမ်းခွဲဖို့ ဟာရီကိန်း ဆန္ဒရှိနေပြီလို့ သတင်းထွက်လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းကို ရောက်ရှိလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ တကယ်တော့ အဲဒီအချိန်မှာ ဟာရီကိန်းသာ တကယ်လမ်းခွဲမယ်၊ စပါးအသင်းသာ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမယ်ဆိုရင် ခေါ်ယူချင်တဲ့အသင်းတွေက အများကြီးရှိနေတာ ပါ။ ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဟာရီကိန်း ကို ခေါ်ယူချင်တဲ့စာရင်းမှာ အမြဲပါဝင်ခဲ့တဲ့အသင်း ပါ။ ၂၀၂၃ မှာတော့ ဘန်ဇီမာနဲ့ လမ်းခွဲခဲ့တာကြောင့် ဟာရီကိန်းကို ခေါ်ယူဖို့ ချိန်ရွယ်ခဲ့ပေမဲ့ အမ်ဘာပေကို ခေါ်နိုင်တော့မှာဖြစ်လို့ နောက်ဆုတ်သွားခဲ့ပါ တယ်။ ဘိုင်ယန်မြူးနစ်အသင်းကပဲ တစိုက်မတ်မတ်ကြိုးစားခဲ့ပြီး အဆုံးသတ်မှာ အောင်မြင်စွာ ခေါ် ယူနိုင်ခဲ့ပါတယ်။ စပါးနဲ့ ဖြတ်သန်းခဲ့တဲ့ ခရီးရှည် ကြီးကို အဆုံးသတ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာပါ။ စပါးအသင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ကြိမ်၊ လိဂ်ဖလား ဗိုလ်လုပွဲ(၂)ကြိမ်သာရောက်ရှိပြီး ဆုဖလားကျိန်စာသင့်သလို ဖြစ်နေတဲ့ ဟာရီကိန်း ဘိုင်ယန်မြူးနစ်မှာတော့ ဆုဖလားတွေ တစ်ခုပြီးတစ်ခု အလွယ်တကူရယူနိုင်တော့မယ်လို့ ပရိသတ်တွေက ထင်မှတ်ခဲ့ကြပါတယ်။ ဟာရီကိန်းကိုယ်တိုင်လည်း အဲဒီလို ထင်မှတ်ခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ ဂျာမန်မြေကလည်း ချောမွေ့တဲ့ပန်းခင်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။
ဖလားလက်မဲ့ စတင်ခြင်း
ဟာရီကိန်းရဲ့ ကျိန်စာက ဘိုင်ယန်မြူးနစ်အသင်းကိုတောင် သက်ရောက်မှုရှိသွားတယ်လို့ ဆိုရမလိုပါပဲ။ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ၂၀၁၂-၁၃ ရာသီကနေ ၂၀၂၂-၂၃ ရာသီအထိ (၁၁)ရာသီ ဆက်တိုက် ရရှိထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာရီကိန်းရောက်ရှိလာတဲ့ ၂၀၂၃-၂၄ ရာသီ မှာတော့ တတိယနေရာသာ ရရှိခဲ့ပါတယ်။ တကယ်တော့ ဘိုင်ယန်မြူးနစ်အသင်းကို ဟာရီကိန်း ပြောင်းရွှေ့ခဲ့ချိန်မှာ ဘွန်ဒစ်လီဂါချန်ပီယံဆုက အသေချာဆုံးဆုဖလားတစ်ခုလို့ အားလုံးက သတ်မှတ်ထားကြတာပါ။ ဘိုင်ယန်မြူးနစ်က ဂျာမန်ဖလားကို သိပ်အာရုံမစိုက်တာမျိုး ရှိတတ်ပေမဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုကိုတော့ အဓိကပစ်မှတ်အဖြစ် ရာသီတိုင်းမှာ သဘောထားလေ့ရှိပါတယ်။ ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် ဘိုင်ယန်မြူးနစ်ကို စိန်ခေါ်နိုင်တဲ့အသင်းကလည်း သိပ်များများစားစားမရှိပါဘူး။ ငွေကြေးသုံးစွဲနိုင်မှုမှာ ပြိုင်ဘက်တွေကို အသာစီးယူထားတဲ့ ဘိုင်ယန်မြူးနစ်က အားလုံးထက် ခေါင်းတစ်လုံးအသာရသလိုလည်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ဟာရီကိန်းရဲ့ ပွဲဦးထွက်ရာသီမှာတော့ စပိန် နည်းပြ ရှာဘီအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက ဘိုင်ယန်မြူးနစ်ကို အလဲထိုးသွားခဲ့ပါတယ်။ စတုဂတ်က ဒုတိယနေရာရခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း တတိယနေရာနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။ တကယ်တော့ စကတည်းက ယဉ်သကို ဆိုသလိုပါပဲ။ ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင်ခဲ့ တဲ့ ရာသီအဖွင့် ဂျာမန်စူပါဖလားပွဲမှာကတည်းက မထင်မှတ်တဲ့ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖလားတစ်လုံး ဆုံးရှုံးခဲ့ရတာပါ။ ဒါကြောင့် အဲဒီအချိန်မှာကတည်းက ဟာရီကိန်းရဲ့ ဆုဖလားကျိန်စာက ဘိုင်ယန်မြူးနစ်ကိုပါ သင့်သွားပြီလို့ လှောင်ပြောင်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ လက်တွေ့မှာလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆုဖလားလွဲချော်မှုတွေက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။ လေဗာကူဆင်အသင်းရဲ့ အမြင့်ပျံမှုကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာ လက်ခံနိုင်စရာရှိပေမဲ့ ဂျာမန်ဖလားမှာ တတိယတန်းအဆင့်ကအသင်းကို အရှုံးပေးခဲ့ရတာကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ချန်ပီယံလိဂ်မှာတော့ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပြီးမှ ချန်ပီယံဖြစ်မယ့် ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ ဒီလိုနဲ့ပဲ ဟာရီကိန်းနဲ့ ဘိုင်ယန်မြူး နစ်အသင်းတို့ရဲ့ ပေါင်းစပ်မှုက ဖလားလက်မဲ့အဖြစ် အစပြုခဲ့ရပါတယ်။ ဒါပေမဲ့ ဟာရီကိန်းကတော့ ချန်ပီယံလိဂ်ဂိုးသွင်းဘုရင်ဆုကို အမ်ဘာပေနဲ့ ပူးတွဲ ရရှိခဲ့သလို၊ ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆုနဲ့ ဥရောပဂိုးသွင်းဘုရင်ဆု တစ်နည်းအားဖြင့် ESM ရွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီး ဂျာမန်ဖလားမှာ ရှုံးထွက် (၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုကိုတော့ အမိအရ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အဖြေပေါ်ခဲ့တာဖြစ်ပြီး အခု တစ်ပတ် မိုချန်ဂလာဘတ်နဲ့ပွဲအပြီးမှာတော့ ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။ နောက်ဆုံးတော့ ချန်ပီယံဆုဖလားတစ်ခုကို ဟာရီကိန်း ကိုင်မြှောက်ခွင့်ရခဲ့ပါပြီ။ သူ့ရဲ့ ဆုဖလားကျိန်စာ ပြယ်လွင့်သွားခဲ့ပါပြီ။ ဒါဆို သူမျှော်လင့်ထားသလို နောက်ထပ်ဆုဖလား အောင်ပွဲများစွာ ရယူသွားနိုင်မှာလား။ ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်ပြည်တွင်းက ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်စွမ်းရှိရုံ သာမက ချန်ပီယံလိဂ်ဖလားကိုပါ စိန်ခေါ်နိုင်စွမ်း ရှိတဲ့အသင်းဖြစ်တာကြောင့် ဟာရီကိန်းရဲ့ မျှော်လင့်ချက်တွေ မဖြစ်လာနိုင်စရာ မရှိပါဘူး။ ဒါပေမဲ့ ဟာရီကိန်းက ပရီးမီးယားလိဂ်ရဲ့ ထာဝရဂိုးသွင်း အများဆုံးကစားသမား ဖြစ်လာဖို့အတွက် ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ချင်နေတယ်ဆိုတဲ့ သတင်းတော့ ထွက်နေပါတယ်။ အဲဒီလို ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ဆုဖလားအတွက် အာမခံချက်ရှိတဲ့အသင်းကို ရွေးချယ်နိုင်ဖို့ လိုပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စာချုပ်သက်တမ်းအတိုင်း ဘိုင်ယန်မြူးနစ်မှာ ဆက်ရှိဦးမယ်လို့ တွေးမယ်ဆိုရင်တော့ အနီးဆုံးပြိုင်ပွဲဖြစ်တဲ့ လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဆု ထပ်ပြီးရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။