
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နှင့် ကွန်ကာကပ်ဖ်နိုင်ငံများ၌ ပူးတွဲကျင်းပမည့် ၂၀၃၁ ပြိုင်ပွဲမှစ၍ ၄၈ သင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မေ ၉ ရက်က ပြုလုပ်သည့် FIFA ကောင်စီအစည်းအဝေးတွင် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ကျင်းပမည့် အဆိုပြုမှုကို ကန့်ကွက်မှုမရှိဘဲ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆုံးဖြတ်နိုင်ခဲ့ကြောင်း FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၃၁ နှင့် ၂၀၃၅ ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံများကို ၂၀၂၆ ခုနှစ်မှ အတည်ပြုကြေညာမည်ဖြစ်သော်လည်း ၂၀၃၁ ပြိုင်ပွဲအတွက် အမေရိကန်နှင့် ၂၀၃၅ ပြိုင်ပွဲအတွက် အင်္ဂလန်ဦးဆောင်သည့် ဗြိတိန်ကျွန်းစုနိုင်ငံများကသာ အိမ်ရှင်အဖြစ် လျှောက်ထားမှုပြုလုပ်ထားသည်။
သို့ဖြစ်ရာ ၂၀၃၁ ပြိုင်ပွဲကို အမေရိကန်အပါအဝင် မက္ကဆီကို၊ ကော်စတာရီကာ၊ ဂျမေကာစသည့် ကွန်ကာကပ်ဖ်နိုင်ငံများနှင့် ၂၀၃၅ ပြိုင်ပွဲကို အင်္ဂလန်၊ စကော့တလန်၊ မြောက်အိုင်ယာလန်၊ ဝေးလ်စ်စသည့် ဗြိတိန်ကျွန်းစုနိုင်ငံများက လက်ခံကျင်းပခွင့်ရမည် ဖြစ်သည်။
၂၀၃၁ ပြိုင်ပွဲမှစ၍ ၄၈ သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်သောကြောင့် လေးသင်း တစ်အုပ်စုဖြင့် အုပ်စု ၁၂ ခု ခွဲဝေမည်ဖြစ်ပြီး ပွဲစုစုပေါင်းမှာ ၆၄ ပွဲမှ ၁၀၄ ပွဲအထိ တိုးမြင့်လာမည်ဖြစ်သလို ပြိုင်ပွဲကာလမှာလည်း ပုံမှန်ကျင်းပနေကျပြိုင်ပွဲများထက် တစ်ပတ်ပိုမိုကြာမြင့်မည်ဖြစ်သည်။
ထို့ပြင် တိုက်ကြီးများအလိုက် ဝင်ခွင့်ရမည့်အသင်းအရေအတွက်မှာလည်း ပိုမိုတိုးမြင့်လာမည် ဖြစ်သည်။
FIFA သည် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှစ၍ ၁၂ သင်းပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး တတိယအကြိမ်ဖြစ်သည့် ၁၉၉၁ ပြိုင်ပွဲတွင် ၁၆ သင်းအဖြစ် တိုးမြှင့်ကျင်းပခဲ့သည်။
ထို့နောက် ခုနစ်ကြိမ်မြောက်ဖြစ်သည့် ၂၀၁၅ ပြိုင်ပွဲတွင် ၂၄ သင်းအဖြစ်လည်းကောင်း၊ ကိုးကြိမ်မြောက်ဖြစ်သည့် ၂၀၂၃ ပြိုင်ပွဲတွင် ၃၂ သင်းအဖြစ်လည်းကောင်း ထပ်မံတိုးမြှင့်ခဲ့သည်။
ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ၂၀၂၇ ပြိုင်ပွဲကိုမူ ၃၂ သင်းအဖြစ်သာ ဆက်လက်ကျင်းပမည်ဖြစ်သည်။
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အသင်းက ချန်ပီယံဆုလေးကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပြီး ဂျာမနီအသင်းက နှစ်ကြိမ်၊ နော်ဝေ၊ ဂျပန်နှင့် စပိန်အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။
အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကနေဒါ၊ မက္ကဆီကို၊ အမေရိကန် သုံးနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ ပြိုင်ပွဲတွင် ၄၈ သင်းအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။