
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က ယခုရာသီကုန်တွင် ထွက်ခွာတော့မည့် နောက်ခံလူ အာနိုးလ်အနေဖြင့် ပရိသတ်များ၏ လှောင်ပြောင်မှုခံရသော်လည်း လက်ကျန်ပွဲစဉ်များအတွက် ဆက်လက်ရွေးချယ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အာနိုးလ်သည် ရာသီကုန်တွင် လမ်းခွဲတော့မည်ဟု ကြေညာပြီးနောက် ပထမဆုံးပွဲအဖြစ် မေ ၁၁ ရက်က အာဆင်နယ်အသင်းနှင့် အိမ်ကွင်းပွဲ၌ ဒုတိယပိုင်း ၆၇ မိနစ်တွင် လူစားဝင်ကစားခဲ့သည်။
ပရိသတ်များက ၎င်းအားပစ်မှတ်ထား၍ လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သော်လည်း အာနယ်ဆလော့က လက်ကျန်ပွဲများတွင် ဆက်လက်ရွေးချယ်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်ဆုံးဖြတ်ရမယ့်အရာက ကျွန်တော် ဘောလုံးပွဲစဉ်တစ်ပွဲ အနိုင်ရချင်တယ်။ ထရန့် (အာနိုးလ်) နဲ့ဆိုရင် အနိုင်ရမယ်လို့ ကျွန်တော်တွေးထားရင်ပေါ့။ သူ့ရဲ့အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ကျွန်တော်အကြွေးတင်နေတယ်။ ဘာလို့လဲဆိုတော့ အသင်းက တတ်နိုင်သမျှ ပွဲစဉ်တွေများများ အနိုင်ရဖို့ ကျွန်တော့်ကို ငှားရမ်းထားတာပါ။ ထရန့်နဲ့ ဆိုရင် အနိုင်ရဖို့ ပိုကောင်းတဲ့အခွင့်အလမ်းရှိတယ်လို့ ကျွန်တော်ထင်ရင် သူ့ကိုရွေးချယ်မှာပါ'' ဟု ၎င်းက ဆိုသည်။
လီဗာပူးလ်အသင်းသို့ အသက်ခြောက်နှစ်ကတည်းက ရောက်ရှိလာသူ အာနိုးလ်သည် ရီးယဲလ်အသင်းနှင့် ငါးနှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။