
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) က ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီသည် ဘရာဇီးလ်လက်ရွေးစင်အသင်းကို မေ(၂၆)မှစ၍ ကိုင်တွယ်တော့မည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အီတလီနည်းပြ အန်ဆယ်လော့တီ(၆၅ နှစ်)သည် ရီးယဲလ်မက်ဒရစ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ကာ အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီကတည်းက လမ်းခွဲသတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုရာသီတွင်မူ အသင်းအနေဖြင့် အားနည်းချက်များရှိခဲ့သဖြင့် ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကလည်း အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ချိန်ရွယ်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အန်ဆယ်လော့တီနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့က လမ်းခွဲမည်ဟု အတည်ပြုခြင်းမရှိသေးသော်လည်း ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့် မတ်လတွင် နည်းပြ ဒိုရီဗယ်လ်နှင့် လမ်းခွဲခဲ့ပြီးနောက် အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်လစာ ယူရို(၅)သန်းနှုန်း ပေးချေသွားမည်ဟု ဘရာဇီးလ်မီဒီယာအချို့က ဖော်ပြခဲ့သည်။
လာလီဂါပြိုင်ပွဲမှာ မေ(၂၅)တွင် နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အန်ဆယ်လော့တီသည် လာလီဂါပြိုင်ပွဲအပြီး နောက်တစ်နေ့မှာပင် ဘရာဇီးလ်လက်ရွေးစင်အသင်းကို ပြောင်းလဲကိုင်တွယ်ရမည်ဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အက်ဒ်နယ်လ်ဒိုရိုဒရီဂွက်ဇ်က ''အန်ဆယ်လော့တီက ဘောလုံးလောကရဲ့ အကောင်းဆုံးနည်းပြတစ်ယောက်ဖြစ်ပြီး အခု အကောင်းဆုံးလက်ရွေးစင်အသင်းကို ကိုင်တွယ်မှာပါ။ ကျွန်တော်တို့ ဘရာဇီးလ်အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့ စာမျက်နှာအသစ်တွေကို အတူရေးသားသွားကြမှာပါ''ဟု ဆိုခဲ့သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ရည်ရွယ်နေကြောင်း သိရသည်။