
PSG အသင်းမှ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီသည် ၂၀၂၄-၂၅ ရာသီအတွက် ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရသည်။
ဒမ်ဘီလီ(၂၇ နှစ်)သည် ၂၀၂၃ နွေရာသီတွင် ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ (၄၂)ပွဲကစားကာ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင် (၄၆)ပွဲကစားကာ (၃၃)ဂိုး သွင်းယူထားသည်။
PSG အသင်းမှာ ရာသီကုန်ဆုံးရန် (၆)ပတ်အလိုမှာပင် ချန်ပီယံဆုရယူနိုင်ခဲ့သည့်အတွက် အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့သော ဒမ်ဘီလီက ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဒမ်ဘီလီသည် ရိန်းစ်အသင်းတွင် ယှဉ်ပြိုင်ကစားစဉ် ၂၀၁၅-၁၆ ရာသီ၌ ပြင်သစ်လိဂ်အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပြီးနောက် ယခုရာသီတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။
ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆုကို PSG ကစားသမားများက ၂၀၁၅-၁၆ ရာသီမှစ၍ (၉)ရာသီဆက်တိုက် ရယူနိုင်ခဲ့ပြီး ပြင်သစ်ကစားသမားများအနေဖြင့် (၆)ရာသီဆက်တိုက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒမ်ဘီလီသည် ပြင်သစ်လိဂ်အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ရရှိခြင်းဖြစ်ပြီး PSG အသင်း ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါက Ballon d'Or ဆုကိုပါ ရရှိနိုင်ကြောင်းလည်း ထင်ကြေးပေးခံနေရသည်။
PSG အသင်းသည် ယခုရာသီတွင် ပြင်သစ်လိဂ်၊ ပြင်သစ်ဖလားနှင့် ချန်ပီယံလိဂ် ဖလားသုံးလုံးအောင်ပွဲကို မျှော်လင့်ခွင့်ရှိနေကြောင်း သိရသည်။