
ယခုတစ်ပတ်ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့မှုအတွက် ဒေါသထွက်နေသည့် ပရိသတ်များ၏လုပ်ရပ်ကြောင့် ဆီဗီလာအသင်းသည် လေ့ကျင့်ရေးကွင်း၌ ညအိပ်ခဲ့ရကြောင်း သိရသည်။
ဆီဗီလာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲ၌ ရုန်းကန်နေရပြီး မေ (၁၀) ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်တွင် တစ်ယောက်လျော့ ဆယ်လ်တာဗီဂိုအသင်းအား အဝေးကွင်း၌ (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ဆီဗီလာအသင်းအနေဖြင့် ပွဲစဉ် (၃၅) အပြီးတွင် (၁၅) ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး ကိုးပွဲသာ အနိုင်ရကာ (၁၁) ပွဲသရေ၊ ရမှတ် (၃၈) မှတ်ဖြင့် အဆင့် (၁၆) နေရာ ရောက်ရှိနေသလို တန်းဆင်းဇုန်နှင့် လေးမှတ်သာ ကွာဟတော့သည်။
သို့ဖြစ်ရာ ဒေါသထွက်နေသည့် ပရိသတ်များက လေ့ကျင့်ရေးကွင်းအပြင်ဘက်၌ စုဝေး၍ ဝင်ပေါက်ဂိတ်တံခါးကို ဖျက်ဆီးနေသည့် ဗီဒီယိုမှာ လူမှုမီဒီယာတွင် ထွက်ပေါ်လျက်ရှိသည်။
ထို့ကြောင့် ဆီဗီလာအသင်းအနေဖြင့် မေ (၁၀) ရက်ညပိုင်းက လေ့ကျင့်ရေးကွင်း၌သာ ညအိပ်ခဲ့ရခြင်းဖြစ်သည်။
''အားကစားပိုင်းဆိုင်ရာအခြေအနေက ပရိသတ်တွေ လိုချင်တဲ့ပုံစံ မဟုတ်တဲ့အတွက် ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်တာကို ဆီဗီလာအသင်းအနေနဲ့ နားလည်သဘောပေါက်ပါတယ်။ ဒါပေမဲ့ ရန်လိုမှု၊ ခြိမ်းခြောက်မှု ဒါမှမဟုတ် ဖျက်ဆီးမှု လုပ်ရပ်တွေ ဖြစ်လာခဲ့ပြီဆိုရင် အဲဒါကို ဘယ်လိုအခြေအနေမျိုးမဆို သည်းခံနေမှာ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေကို တတ်နိုင်သမျှ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ လုံခြုံရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တောင်းဆိုထားပါတယ်'' ဟု ဆီဗီလာအသင်းက ထုတ်ပြန်သည်။
ဆီဗီလာအသင်း လုံခြုံရေးအဖွဲ့ကလည်း ''ဒါဟာ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်မျိုးဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒီလိုအမှုမျိုးကို ကျူးလွန်တဲ့သူတွေကို အတိအကျနဲ့ အသေးစိတ်ဖော်ထုတ်နိုင်အောင် ကြိုးစားသွားမှာပါ။ ဘောလုံးအား ကစားနည်းဟာ အကြမ်းဖက်မှုတွေနဲ့ သီးခြားဖြစ်တည်နေတဲ့ အရာဖြစ်ပါတယ်။ ဘောလုံးအသင်း ရလဒ်ဆိုးတဲ့ အခြေအနေကြောင့် အကြမ်းဖက်မှုတွေ ကျူးလွန်တာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။
ဆီဗီလာအသင်းသည် မတ်လ (၉) ရက်နေ့ကတည်းက လာလီဂါတွင် နိုင်ပွဲပျောက်ဆုံးနေသလို၊ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် (၈) ပွဲတွင် (၆) ပွဲအထိ ရှုံးပွဲတွေ့ခဲ့ကြောင်းလည်း သိရှိရသည်။