Eleven Media Group

ရေတယ်ဂီ သို့မဟုတ် အညတရ ဂိုးသွင်းမုဆိုးတစ်ယောက်

Photo: X

ဥရောပထိပ်တန်းလိဂ် ငါးခုထဲမှာ လိဂ်ဂိုး (၂၄)ဂိုးပြည့်ပြီးတဲ့ ကစားသမား ငါးဦးရှိပါတယ်။ မိုဆာလာ၊ ဟာရီကိန်း၊ လီဝန်ဒေါစကီး၊ အမ်ဘာပေနဲ့ ရယ်တေဂီတို့ပါ။ ကမ္ဘာ့ထိပ်တန်းကစားသမား လေးယောက်နဲ့အတူ အညတရ ရေတယ်ဂီက ပါဝင်နေတာ ထူးခြားနေတယ်။ မနှစ်ကမှ ဥရောပကို ခြေချလာတဲ့ ရေတယ်ဂီဟာ တောခြုံအုံကြားကနေ ကမ္ဘာဘောလုံးစင်မြင့်ဆီ လျင်လျင်မြန်မြန်ရောက်လာသူလို့ ပြောရမယ်။ ရေတယ်ဂီက ပါရမီရှင် မဟုတ်သလို၊ ကင်းထောက်တွေ စောင့်ကြည့်ရလောက်တဲ့ လူငယ်ကြယ်ပွင့်လည်း မဟုတ်ခဲ့ဘူး။ ရေတယ်ဂီ လင်းပွင့်လာတာက အီတလီနည်းပြဟောင်း မန်ချီနီကြောင့်ပါ။

ဥရောပထိပ်တန်းလိဂ် ငါးခုထဲမှာ လိဂ်ဂိုး (၂၄)ဂိုးပြည့်ပြီးတဲ့ ကစားသမား ငါးဦးရှိပါတယ်။ မိုဆာလာ၊ ဟာရီကိန်း၊ လီဝန်ဒေါစကီး၊ အမ်ဘာပေနဲ့ ရယ်တေဂီတို့ပါ။ ကမ္ဘာ့ထိပ်တန်းကစားသမား လေးယောက်နဲ့အတူ အညတရ ရေတယ်ဂီက ပါဝင်နေတာ ထူးခြားနေတယ်။ မနှစ်ကမှ ဥရောပကို ခြေချလာတဲ့ ရေတယ်ဂီဟာ တောခြုံအုံကြားကနေ ကမ္ဘာဘောလုံးစင်မြင့်ဆီ လျင်လျင်မြန်မြန်ရောက်လာသူလို့ ပြောရမယ်။ ရေတယ်ဂီက ပါရမီရှင် မဟုတ်သလို၊ ကင်းထောက်တွေ စောင့်ကြည့်ရလောက်တဲ့ လူငယ်ကြယ်ပွင့်လည်း မဟုတ်ခဲ့ဘူး။ ရေတယ်ဂီ လင်းပွင့်လာတာက အီတလီနည်းပြဟောင်း မန်ချီနီကြောင့်ပါ။

၂၀၂၃၊ မတ်လမှာ မန်ချီနီဆီက ဖုန်းကောလ်တစ်ခု ရေတယ်ဂီဆီ ဝင်လာပါတယ်။ "မင်း ငါတို့ အသင်းအတွက် ကစားပေးနိုင်မလား"ဆိုတဲ့ ဖုန်းကောလ်တစ်ခု ဖြစ်ပါတယ်။ ရေတယ်ဂီက အာဂျင်တီးနားမှာ မွေး၊ အာဂျင်တီးနားမှာ ကြီးပြီး အာဂျင်တီးနားလူငယ်အကယ်ဒမီက ထွက်ပေါ်၊ အာဂျင်တီးနားလိဂ်မှာ ကစားနေသူတစ်ယောက်ပါ။ သူဟာ အီတလီမှာ တစ်ခါမျှ မနေဖူးသလို၊ အီတလီစကားလည်း မတတ်ပါဘူး။ ဒါပေမဲ့ အီတလီမှာ ထိပ်တန်းတိုက်စစ်ကစားသမား ချို့တဲ့တယ်လို့ အမြဲတမ်း ညည်းညူခဲ့ရတဲ့ မန်ချီနီဟာ အာဂျင်တီးနားကလပ် တီဂရေမှာ ကစားနေတဲ့ ရေတယ်ဂီကို မျက်စိကျခဲ့တယ်။ ဒါကြောင့် စည်းရုံးကြည့်ဖို့ ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ရေတယ်ဂီက "ကျွန်တော် အများကြီး စဉ်းစားဖို့ မလိုခဲ့ပါဘူး။ ချက်ချင်းပဲ Ok လို့ ပြန်ပြောခဲ့ပါတယ်"လို့ ဆိုပါတယ်။

အသက်(၂၃)နှစ်အရွယ် အညတရကောင်လေးတစ်ယောက်အတွက် ဘဝပြောင်းစေမယ့် ဆုံးဖြတ်ချက် ဖြစ်လာပါတယ်။ ရေတယ်ဂီက ဂိုးသွင်းနှုန်းတစ်ခု ရှိပေမဲ့ အားရလောက်တဲ့ ပမာဏမဟုတ်သလို၊ ဥရောပအသင်းတွေရဲ့ ရေဒါထဲမှာ မရှိပါဘူး။ ဒါပေမဲ့ ရေတယ်ဂီဟာ အီတလီရဲ့ တော်ကောက်မှုကို စခံရတဲ့ပွဲမှာပဲ ဂိုးသွင်းခဲ့ပါတယ်။ ယူရိုခြေစစ်ပွဲမှာ အင်္ဂလန်အသင်းဘက်ကို သွင်းလိုက်တာဖြစ်လို့ ဒီကောင်လေး ဘယ်သူလဲဆိုတာမျိုး ဖြစ်ကုန်ကြတယ်။ Oriundi တွေနဲ့ သမိုင်းကြောင်းလှတဲ့ အီတလီမှာလည်း တအံ့တသြတွေ ဖြစ်ကုန်တယ်။ Oriundi ဆိုတာ ရွှေ့ပြောင်းအခြေချ (သို့) အီတလီနဲ့ သွေးသားဆက်နွယ်မှုရှိတဲ့ သူတွေကို ခေါ်တာပါ။ အာဂျင်တီးနားဖွား ကာမိုရာနီဆီက ဒီအကြောင်းအရင်းနဲ့ ကျော်ကြားပြီး သမိုင်းကြောင်းမှာလည်း ၁၉၃၀ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲတက်၊ ၁၉၃၄ ကမ္ဘာ့ဖလားမှာ အီတလီနဲ့ ချန်ပီယံဆုယူတဲ့ လူးဝစ်မွန်တီလို ကစားသမားက အခိုင်အမာသမိုင်းတွင်ရစ်ပါတယ်။ ရေတယ်ဂီက နောက်ဆုံးပေါက် Oriundi ဖြစ်လာတယ်။ ရေတယ်ဂီဟာ သူ့ရဲ့ ဒုတိယပွဲမှာလည်း ဂိုးထပ်သွင်း ပြန်ပါတယ်။ ဒီလိုနဲ့ အားလုံးက သိကုန်ကြတယ်။ ဥရောပကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြတယ်။

ဒါပေမဲ့ ပါရမီရှင်ခြေစွမ်းမျိုး မဟုတ်တဲ့အတွက် အသင်းကြီးတွေက သိပ်စိတ်မဝင်စားပါဘူး။ စပိန်နဲ့ အီတလီက အသင်းတော်တော်များများကတော့ သူ့ကို မျက်စိကျတယ်။ ခေါ်ယူလိုက်နိုင်တာကတော့ ဂျီနိုအာအသင်းဖြစ်ပြီး ယူရို(၁၅)သန်းဝန်းကျင် အသုံးပြုခဲ့ရတယ်။ ရေတယ်ဂီဟာ ပထမဆုံးရာသီမှာ ပရိသတ်တွေကို မဖမ်းစားနိုင်ခဲ့ပါဘူး။ စီးရီးအေမှာ (၇)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီရာသီမှ တန်းတက်လာတဲ့ ဂျီနိုအာရဲ့ အခြေအနေနဲ့ ထည့်တွက်လိုက်ရင်တော့ မဆိုးလှတဲ့ စွမ်းဆောင်ရည်လို့ ပြောနိုင်တယ်။ ဒီရာသီအစမှာတော့ နောက်ထပ်ဘဝပြောင်းဖို့ ဖြစ်လာပြန်တယ်။ အတ္တလန်တာတိုက်စစ်မှူး ဆကာမာကာ ဒဏ်ရာရရှိသွားပြီး ရယ်တေဂီကို အစားထိုးခေါ်ယူဖို့ ဖြစ်လာပါတယ်။ အရာအားလုံးက လျင်လျင်မြန်မြန်ပဲ ပြောင်းလဲနေတယ်။

ရေတယ်ဂီ အတ္တလန်တာအသင်းကို ရောက်လာတယ်။ ဆကာမာကာနဲ့ ရေတယ်ဂီတို့ရဲ့ ကစားပုံက တခြားစီပါ။ ဆကာမာကာက Hold-up play ကစားတဲ့သူဖြစ်ပြီး ရေတယ်ဂီက Fox in the box လို၊ အဂွဲရိုးတို့လို ဂိုးသွင်းဖို့ ချောင်းကစားသူ ဖြစ်ပါတယ်။ အတ္တလန်တာဟာ ရေတယ်ဂီနဲ့ လိုက်ဖက်မယ့် ကစားဟန်ဘက်ကို ပြောင်းကစားလိုက်ပါတယ်။ ပုံမှန်ကစားနေကျ ၃-၄-၁-၂ ထက်စာရင် ၃-၄-၂-၁ ဟန်နဲ့ ပိုမိုချဉ်းကပ်လာခဲ့တယ်။ ရေတယ်ဂီရဲ့နောက်မှာ ကီတယ်လာရီနဲ့ လွတ်ခ်မန်းတို့က ကစားပေးတယ်။ တကယ်တော့ အခုလို အမြန်ဆုံး ပုံစံကျသွားမယ်၊ ခြေစွမ်းပြမယ်လို့ မထင်ခဲ့ကြတာတော့ အမှန်ပါပဲ။

အတ္တလန်တာက ပြန်လည်တည်ဆောက်ရေးကာလဆီ ပြန်ရောက်နေလို့ပါ။ ဆကာမာကာ ကာလရှည်နားရမှာ ဖြစ်သလို၊ အဓိကကွင်းလယ်လူကော့မိုင်ယာစ်ကလည်း ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းသွားတယ်။ လွတ်ခ်မန်းလည်း အသင်းပြောင်းဖို့ အသံတွေ ထွက်လိုက်သေးတယ်။ အသင်းမှာ လှုပ်ခတ်မှုလေးတွေ အနည်းငယ် ဖြစ်ထားခဲ့တယ်။ ရေတယ်ဂီဟာ ဒီအခြေအနေမှာ ရှင်သန်ပေါက်မြောက်သွားပြီး သူကိုယ်တိုင်ရော အတ္တလန်တာပါ အမြင့်ပျံနိုင်သွားတယ်။ အတ္တလန်တာက ဂတ်စ်ပါရီနီလက်ထက်မှာ Era ၃ ခုလောက် ဖြတ်သန်းပြီးတဲ့အသင်းပါ။ ကက်ဆီး၊ ပါပူးဂိုးမက်ဇ်တို့နဲ့အတူ ဥရောပအဆင့်ရောက်လာတဲ့ Era ၊ ဇာပါတာ၊ အီလီချစ်တို့နဲ့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ခဲ့တဲ့ Era ကနေ နောက်ဆုံး ဆကာမက်ကာ၊ ကော့မိုင်ယာစ်၊ လွတ်ခ်မန်းတို့နဲ့ ယူရိုပါ လိဂ်ဖလားရယူတဲ့ Era အထိ ဖြတ်သန်းခဲ့တယ်။ အခုလည်း နောက်ထပ် Era တစ်ခု စတင်ဖို့ ကြိုးပမ်းနေရတဲ့အချိန်ဖြစ်လာပြီး ကီတာလာရီနဲ့ ရေတယ်ဂီတို့က New Face တွေ ဖြစ်လာကြတယ်။

ကီတယ်လာရာကတော့ ဥရောပမှာ နဂိုကတည်းက နာမည်ရတဲ့ လူငယ်ကြယ်ပွင့်ဖြစ်ပြီး ရေတယ်ဂီရဲ့ ပေါက်မြောက်လာမှုကတော့ အံ့အားသင့်စရာ ကောင်းနေတယ်။ မနှစ်က စီးရီးအေမှာ (၇)ဂိုးပဲ သွင်းထားနိုင်ပေမဲ့ အခုတော့ ရာသီဝက်မှာတင် ဂိုး (၂၀)သွင်းထားပြီ။ ရေတယ်ဂီက မော်ဒန်တိုက်စစ်မှူးတွေနဲ့ သိပ်မတူဘဲ ဂိုးသွင်းဖို့ တစ်ခုတည်းကို ဦးစားပေးတဲ့ ဂိုးသွင်းမုဆိုး ဖြစ်တယ်။ ညာခြေ၊ ဘယ်ခြေ၊ ခေါင်းတိုက် သုံးမျိုးစုံ ဂိုးသွင်း တတ်တယ်။ မန်ချီနီကတော့ "ကျွန်တော် တင်စားလွန်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူက ဘာတစ္စတူတာကို သတိရစေတာတော့ အမှန်ပဲ"လို့ ပြောခဲ့တယ်။

ရေတယ်ဂီက မူလတုန်းက ကွင်းလယ်ခံစစ်ကစားတာပါ။ ဒါပေမဲ့ သူ့နည်းပြတွေကို တိုက်စစ်မှူး ဖြစ်လာအောင် ပုံသွင်းပေးခဲ့တာဖြစ်တယ်။ ရေတယ်ဂီက ဟော်ကီကစားတာလည်း ကောင်းတယ်။ သူ့ဖခင် ကားလို့စ်က အာဂျင်တီးနား ဂန္ထဝင်ကစားသမားနဲ့ နည်းပြဖြစ်ပြီး သူ့ထက် ပိုနာမည်ကြီးပါတယ်။ ကားလို့စ်ရဲ့သားရယ်လို့ပဲ သမုတ်ခံရတဲ့ ရေတယ်ဂီလေးဟာ လူငယ်အသင်းတွေအထိ ဟော်ကီရော ဘောလုံးပါ ကစားခဲ့ပါတယ်။ ဒါ ကြောင့် သူ့ရဲ့ Balance နဲ့ သူ့ရဲ့ ကုန်းကုန်းကလေး ပြေးဟန်တို့က အနည်းငယ် ထူးခြားနေတာဖြစ်တယ်။ ဒါ့အပြင် Loose Ball၊ Second Ball တွေမှာ သူ့ရဲ့ တုံ့ပြန်ပုံက အံ့မခန်းပဲ။ သူ့ဂိုးအများစုက တန်းကန်၊ တန်းဂိုးဆိုတဲ့ ပုံစံမျိုးတွေသာ ဖြစ်တယ်။

သူ့ရဲ့ ဗီဇ၊ သူ့ရဲ့ အလေ့အကျင့်ကိုက အဲဒီ စတိုင်လ်မျိုး ဖြစ်နေတာ။ ပြိုင်ဘက်ဧရိယာထဲမှာ မုဆိုးတစ်ကောင်လို ချောင်းနေပြီး ဘောလုံးကို သံလိုက်လို ဆွဲကပ်ဖို့သာ အာရုံစိုက်ထားသူ ဖြစ်တယ်။ မော်ဒန်ဘောလုံးမှာ ခေတ်စားတဲ့ Link Play တွေကို သူ စိတ်မဝင်စားဘူး။ သူဟာ ကန်ချက်တွေ များပြားစွာ ကန်သွင်းမယ်၊ ပယ်နယ်တီ ဧရိယာထဲမှာပဲ ဘောလုံးလက်ခံမယ်ဆိုတဲ့ လူစားမျိုး။ ဘာတီဂိုးက နှိုင်းယှဉ်ဖို့ ကြီးမြတ်လွန်းနေမယ်ဆိုရင် နီးနီးစပ်စပ် မြင်ကြည့်လို့ရတဲ့အထဲမှာ ချီချာရီတိုလို ပုံစံမျိုး ဖြစ်ပါတယ်။ ဂိုးသွင်းဖို့ ချောင်းနေပြီး ဒိန်းခနဲ သွင်းသွားတတ်တဲ့ ကစားသမား။ တိုက်စစ်အသွင်မှာ မော်ဒန်မဆန်ပေမဲ့ Pressing တွေမှာတော့ အရမ်းအားကိုးရတယ်။ အသည်းအသန်လိုက်လု ကစားတတ်ပြီး ကွင်းလယ်ခံစစ်သမား ဖြစ်ခဲ့ဖူးတဲ့ အလေ့အကျင့်က သူ့ကို Good first defender ဖြစ်လာစေတယ်။

အတ္တလန်တာအတွက်သာမက အီတလီ အတွက်လည်း သူဟာ ဂိုးတွေ ပုံမှန်သွင်းယူပေးနေတယ်။ လက်ရှိ အီတလီဟာ တိုက်စစ်အင်အားမှာ သိသိသာသာ ချို့တဲ့နေတာ ထင်ရှားပါတယ်။ ရေတယ်ဂီက အဲဒီကွက်လပ်ကို ဖြည့်ပေးနေသူ ဖြစ်တယ်။ ၂၀၂၄-၂၅ Nations League မှာလည်း ခြေစွမ်းပြနေတယ်။ အတ္တလန်တာအတွက်တော့ ဂိုးတွေ ဒီထက်ထပ်ရနေဖို့ ရှိပါတယ်။ အတ္တလန်တာက တိုက်စစ်ကို အထူးအသားပေးတဲ့ အသင်းဖြစ်ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အနီးကပ်ဆုံးပြိုင်ဘက် မွိုက်စ်ကိန်းကို (၇)ဂိုးဖြတ်ထားနိုင်ကာ မားကပ်စ်သူရမ်နဲ့ လွတ်ခ်မန်းကို (၁၀)ဂိုးဖြတ်ထား နိုင်လို့ မျှော်လင့်ချက်ကြီးနေပြန်ပါတယ်။ အတ္တလန်တာကတော့ ဆွဲဆောင်မှုရှိတဲ့ ကစားဟန်နဲ့အတူ အခုနောက်ပိုင်းမှာ Neutral ပရိသတ်များစွာကို ဖမ်းစားထားနိုင်ပါပြီ။ ရေတယ်ဂီကရော ဒီအသင်းနဲ့ အတူ ဘယ်လောက်အထိ ဖမ်းစားသွားမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။

မူရင်းသတင်း — Eleven Media Group