Eleven Media Group

"ကစားသမားတစ်ယောက်အနေနဲ့ ထွက်ခွာသွားပေမဲ့ လီဗာပူးလ်ပရိသတ်အဖြစ် ကျွန်တော် အမြဲတမ်း ရှိနေမှာပါ"

Photo: X

ဒီရာသီကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်ဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာလိုက်ပါပြီ။ သူဟာ အသက် (၆) နှစ်ကတည်းက လီဗာပူးလ်ကို ရောက်လာခဲ့ပြီး ဒီအသင်းမှာ ကစားနေတာ နှစ်ပေါင်း (၂၀) ရှိခဲ့ပါပြီ။ သူဟာ လီဗာပူးလ်အတွက် ပွဲပေါင်း (၃၅၂) ပွဲကစားထားပြီး အသင်းနဲ့အတူ အဓိကဆုဖလား (၈) လုံးအထိ ရယူနိုင်ခဲ့တာပါ။ Liverpool TV အင်တာဗျူးမှာတော့ အာနိုးလ်က လီဗာပူးလ်က ထွက်ခွာဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တယ်ဆိုတာ အခုလိုပြောခဲ့ပါတယ် . . .

- လီဗာပူးလ်နောက်ခံကစားသမား အာနိုးလ်နှင့် တွေ့ဆုံခြင်း

ဒီရာသီကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အင်္ဂလန်နောက်ခံကစားသမား အာနိုးလ်ဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာလိုက်ပါပြီ။ သူဟာ အသက် (၆) နှစ်ကတည်းက လီဗာပူးလ်ကို ရောက်လာခဲ့ပြီး ဒီအသင်းမှာ ကစားနေတာ နှစ်ပေါင်း (၂၀) ရှိခဲ့ပါပြီ။ သူဟာ လီဗာပူးလ်အတွက် ပွဲပေါင်း (၃၅၂) ပွဲကစားထားပြီး အသင်းနဲ့အတူ အဓိကဆုဖလား (၈) လုံးအထိ ရယူနိုင်ခဲ့တာပါ။ Liverpool TV အင်တာဗျူးမှာတော့ အာနိုးလ်က လီဗာပူးလ်က ထွက်ခွာဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တယ်ဆိုတာ အခုလိုပြောခဲ့ပါတယ် . . .

မေး - ထရန့်(အာနိုးလ်)။ ခင်ဗျားက လက်ရှိစာချုပ် ကုန်ဆုံးချိန်မှာ လီဗာပူးလ်အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်နော်။ အဲဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ခင်ဗျား ရှင်းပြနိုင်မလား။
ဖြေ - ပထမဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့ ဒီဆုံးဖြတ်ချက်က လွယ်ကူတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုတာရယ်။ အများကြီးစဉ်းစားပြီး၊ အများကြီးခံစားပြီးမှ အခုလိုဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် လီဗာပူးလ်အသင်းကို ရှိနေတာ အခုဆို နှစ် (၂၀) ရှိနေပြီပါပြီ။ ဒီမှာ ရှိနေခဲ့တဲ့မိနစ်တိုင်းကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ဒီမှာ ကျွန်တော့် အနေနဲ့ အိပ်မက်အားလုံးနဲ့ လိုချင်တဲ့အရာအားလုံးကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီနှစ် (၂၀) အတွင်း ကျွန်တော့်အနေနဲ့ နေ့ရောညပါ အသင်းအတွက် အရာအားလုံးကို ပေးဆပ်ခဲ့တာပါ။ အခုအချိန်မှာတော့ ကစားသမားတစ်ယောက်အနေနဲ့ရော လူ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ပါ အပြောင်းအလဲနဲ့ စိန်ခေါ်မှုသစ်တွေ လိုလာပြီလို့ ကျွန်တော် ခံစားရပါတယ်။ ပြီးတော့ အခုအချိန်က အဲဒီလိုအပြောင်း အလဲလုပ်ဖို့ အကောင်းဆုံးအချိန်လို့ ထင်ပါတယ်။

မေး - လူတွေက ခင်ဗျားရဲ့သတင်းနဲ့ ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြခဲ့ကြတာပါ။ အခု ခင်ဗျားရဲ့ ကြေညာချက်က မှန်ကန်တဲ့အချိန်မှာ ကြေညာခဲ့တယ်လို့ ခင်ဗျား ထင်လား။
ဖြေ - ကျွန်တော် ဘယ်လိုဆုံးဖြတ်မယ်။ ဘယ်လို ဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်လို့ ပြောခဲ့ကြတာတွေ၊ ဖော်ပြခဲ့တာတွေ အများကြီးပါပဲ။ လူတွေက ကျွန်တော့်အနေနဲ့ သိပ်မကြာခင်ပြောလိမ့်မယ် ဒါမှမဟုတ် အချိန်တန်ရင် ပြောလိမ့်မယ်ဆိုပြီး ပြောဆိုခဲ့ကြတာတွေကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဘောလုံးအပေါ်မှာပဲ ကစားရမယ့်ပွဲတွေအပေါ်မှာ အပြည့်အဝအာရုံစိုက်ထား သင့်တယ်လို့ ခံစားခဲ့ရတာပါ။ ကျွန်တော်တို့ ချန်ပီယံလုပွဲမှာ ရှိနေချိန်၊ ဖလားရရေးအတွက် တိုက်ပွဲဝင်နေချိန်မှာ အသင်းကို အနှောင့်အယှက်မဖြစ်စေချင်လို့ ကျွန်တော် ဘာမှမပြောခဲ့တာပါ။ အခု ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပြီး အဲဒီအံ့သြဖွယ်အောင်မြင်မှုအတွက် အောင်ပွဲခံနိုင်ပါပြီ။ ဒါကြောင့် အခုအချိန်က ကျွန်တော့်အနေနဲ့ ရင်ထဲမှာသိမ်းထားတဲ့ အမှန်တရားကို ထုတ်ပြဖို့ အချိန်မှန်လို့ ထင်ပါတယ်။

မေး - ခင်ဗျား လီဗာပူးလ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးခဲ့တယ်မလား။ ဒီရာသီမှာ အောင်မြင်မှုရပြီး ဆလော့နဲ့လည်း ဆက်ဆံရေးကောင်းတော့ အသင်းမှာ ဆက်နေဖို့ ဖြစ်နိုင်တယ်မဟုတ်လား။
ဖြေ - (၁၀၀) ရာခိုင်နှုန်းပါပဲ။ ဖြစ်နိုင်ခြေ အများကြီး ရှိတာပေါ့။ နည်းပြ၊ ဝန်ထမ်းတွေနဲ့ အသင်းရဲ့တိုးတက်မှုအတွက် ကျွန်တော် အပြည့်အဝယုံကြည်မှု ရှိပါတယ်။ လီဗာပူးလ်အသင်းက တစ်ရာသီပြီး တစ်ရာသီ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်မယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ဘာလို့လဲဆိုတော့ နည်းပြနဲ့ အနည်းငယ်အလုပ်လုပ်ပြီးတဲ့ နောက်မှာ သူဟာ အနိုင်ရသူဖြစ်ပြီး ဆုဖလားတွေ ရယူဖို့က သူ့ရဲ့ရည်မှန်းချက်ဆိုတာကို ကျွန်တော် သိရှိခဲ့လို့ပါ။ ဒီရာသီမှာ ကျွန်တော်တို့ ကစားတာကိုလည်း ခင်ဗျား မြင်မှာပေါ့။ ဒီတော့ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ယုံကြည်မှု မပြောင်းလဲပါဘူး။ ကျွန်တော် အရမ်းလိုချင်တာက အပြောင်းအလဲပါပဲ။ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် စိန်ခေါ်ကြည့်ချင်တယ်။

မေး - ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က အသင်းပရိသတ်တွေကို စိတ်ပျက်စေတယ်ဆိုတာကို ခင်ဗျား နားလည်တယ်မဟုတ်လား။
ဖြေ - ဟုတ်ကဲ့။ ရာနှုန်းပြည့် နားလည်တာပေါ့ဗျာ။ ကျွန်တော်က ဘဝတစ်လျှောက်လုံး ဒီအသင်းကိုပဲ အားပေးလာတာပါ။ ဒီအသင်းက ကျွန်တော့်ကို အခုလိုဖြစ်လာအောင်၊ အခုလိုအောင်မြင်မှုတွေရအောင် ကျွန်တော့်ကို အခွင့်အရေးပေးခဲ့တယ်။ ဒီအသင်းမှာပဲ ကျွန်တော် ကြီးပြင်းခဲ့ပြီး အသင်းကို အောင်မြင်မှုတွေရယူပေးခဲ့တဲ့ ကျွန်တော်ချစ်တဲ့ ကစားသမားတွေ ထွက်သွားတာကိုလည်း မြင်ခဲ့ရတယ်။ အထူးသဖြင့် ကိုယ်ကိုယ်တိုင်က ဆုဖလားတွေ ရယူနိုင်ခဲ့တာဆိုတော့ ပိုပြီးတော့ သိတာပေါ့။ ဒီတော့ လီဗာပူးလ်ပရိသတ်တွေ ဘယ်လိုခံစားနေရမယ်။ ကျွန်တော့်ရဲ့သတင်းကြောင့် စိတ်ပျက်နေကြမယ်။ ဒေါသထွက်နေကြမယ်။ ဝမ်းနည်းနေကြမယ်ဆိုတာကို ကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျွန်တော့်အတွက် ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ ဒါက ရှင်းပါတယ်။

မေး - ခင်ဗျားရဲ့ လီဗာပူးလ်ကစားသမားဘဝဖြတ် သန်းမှုအကြောင်းကို သုံးသပ်ဖို့ အချိန်ကျလာပြီ ပေါ့။ အခု ဒီက ထွက်တော့မယ်ဆိုတော့ ဒီနေရာနဲ့ပတ်သက်လို့ ခင်ဗျား ဘယ်လိုခံစားရလဲ။
ဖြေ - ရိုးသားဝန်ခံရမယ်ဆိုရင် ကျွန်တော့်စိတ်ထဲမှာ ခုန်ထွက်လာတဲ့ စကားလုံးက ချစ်ခြင်းတရားပါပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ကလပ်အသင်းရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရပြီး အဲဒီချစ်ခင်မြတ်နိုးမှုက တစ်နေ့ထက် တစ်နေ့ ပိုကြီးလာခဲ့တာပါ။ ဒီအသင်းက ကျွန်တော့်ကို အခုလိုဖြစ်လာဖို့၊ ကျွန်တော် လိုချင်တဲ့အရာအားလုံးကို ရယူနိုင်ဖို့ အခွင့်အရေးပေးခဲ့တယ်။ ကျွန်တော့်အိပ်မက် ထက်ပိုတဲ့ အောင်မြင်မှုတွေကိုတောင် ရယူနိုင်အောင် ဒီအသင်းက အခွင့်အရေးပေးခဲ့တာပါ။ ဒီ အသင်းက ပေးခဲ့တဲ့အရာတွေကို ကျွန်တော် ကျေအောင် ပြန်မဆပ်နိုင်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော့်အနေနဲ့ အရမ်းခက်ခဲတဲ့ဆုံးဖြတ် ချက်တစ်ခုကို ချခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းအတွက် နှစ်ပေါင်း (၂၀) အတွင်း နေ့စဉ်နေ့တိုင်း အကောင်းဆုံးလုပ်ပေးခဲ့တယ်။ အရာအား လုံးပေးဆပ်ခဲ့တယ်ဆိုတာကို လူတွေ နားလည်ပေးကြဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသင်းအတွက် အရာအားလုံးကို ကျွန်တော် စွန့်လွှတ်ခဲ့ပြီး အသင်းနိုင်ပွဲရအောင် ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဲဒီအရာတွေကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ လီဗာပူးလ်အသင်းရဲ့ပွဲတွေကို အမြဲတမ်းကြည့်ရှုအားပေးသွားမှာဖြစ်ပြီး အသင်းကို အဝေးကနေ အားပေးသွားမှာပါ။

မေး - စပါးကို အနိုင်ရပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် အောင်ပွဲခံရာမှာ ခင်ဗျား ခံစားချက်တွေ ရောပြွန်းနေခဲ့တာကို တွေ့ခဲ့ရတယ်။ အဲဒီအောင်မြင်မှုအတွက် ခင်ဗျား ဘယ်လိုခံစားရလဲ။
ဖြေ - ထိပ်ဆုံးကို ရောက်နေသလို ခံစားရပါတယ်။ ဘဝမှာ အဲဒီလိုအခိုက်အတန့်တချို့ကို ခင်ဗျား ခံစားဖူးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီ ခံစားချက်တွေကို ဘောလုံးက ပေးနိုင်ပါတယ်။ အဲဒါက ကျွန်တော်တို့ လွန်ခဲ့တဲ့ (၇)နှစ်၊ (၈)နှစ်ကတည်းက ထားခဲ့တဲ့ ရည်မှန်းချက်နဲ့ ပစ်မှတ်လည်း ဖြစ်ပါတယ်။ ၂၀၁၉-၂၀ မှာ ပရိသတ်တွေ မပါဘဲ ပရီးမီးယားလိဂ်ချန်ပီယံဆုရပြီးနောက် ပရိသတ်တွေနဲ့အတူ အောင်ပွဲခံဖို့ ကျွန်တော်တို့ စိတ်အားထက်သန်ခဲ့တာပါ။ အိမ်ဖြစ်တဲ့ အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ဖလားရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပါ။ အန်ဖီးလ်မှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာက ကျွန်တော် ဘယ်တော့မှ မမေ့နိုင်မယ့်အရာဖြစ်ပါတယ်။

မေး - အခု အသင်းကထွက်မယ်လို့ ကြေညာလိုက်ပြီဆိုတော့ လီဗာပူးလ်ကစားသမားဘ၀ ရက်သတ္တပတ်အနည်းငယ်အတွက် ခင်ဗျား ဘာတွေ မျှော်လင့်ထားလဲ။
ဖြေ - ပွဲတွေ အနိုင်ရဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။ ဆူညံသံတွေက ဒီရာသီမှာ ကျွန်တော့်တို့ရဲ့ အောင်မြင်မှုတွေကို မထိခိုက်စေပါဘူး။ ဒီရာသီက ကျွန်တော်တို့အတွက် အံ့ဖွယ်ရာသီတစ်ခုပါ။ ကျွန်တော့်သတင်းကြောင့် လူတွေ အကြာကြီး စိတ်ညစ်မနေဖို့နဲ့ တခြားကစားသမားတွေရဲ့ စွမ်းဆောင်မှုအတွက် အောင်ပွဲခံဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့သတင်းက အသင်းရဲ့ အောင်မြင်မှုအတွက် အောင်ပွဲခံရာမှာ တိမ်မည်းကြီးလို့ မလွှမ်းမိုးစေချင်ပါဘူး။ လက်ကျန်ပွဲစဉ်တိုင်း၊ Guard of Honor နဲ့ အောင်မြင်မှုအတွက် ခံစားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့သတင်းကြောင့် စိတ်ပျက်နိုင်တယ်။ ဒေါသထွက်နိုင်တယ်။ ဒါပေမဲ့ အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အားလုံးကို အောင်မြင်မှုအတွက် ပျော်စေချင်ပါတယ်။

မေး - လီဗာပူးလ်ပရိသတ်တွေကို ခင်ဗျား ပြောချင်တာ တစ်ခုခုရှိလား။
ဖြေ - ကျွန်တော် ပြောချင်တာတွေ အများကြီးပါ။ အဓိကအရာကတော့ အရမ်းကျေးဇူးတင်တယ်ဆိုတာပါပဲ။ ခင်ဗျားတို့က ကျွန်တော့်ကို ပထမဆုံးနေ့ကတည်းက အားပေးခဲ့ကြပြီး အခုထိ အားပေးနေကြတုန်းပါပဲ။ ခင်ဗျားရဲ့အားပေးမှု၊ ခင်ဗျားရဲ့ချစ်ခင်မှု၊ ခင်ဗျားလုပ်ပေးခဲ့တဲ့အရာအားလုံးကို ကျွန်တော် အမြဲတမ်းအသိအမှတ်ပြုပါတယ်။ ပြီးတော့ အဲဒီအရာအားလုံးကို ကျွန်တော့်အနေနဲ့ ချစ်မြတ်နိုးပါတယ်။ ဒီအသင်းအတွက် ပရိသတ်တွေနဲ့အတူ ကျွန်တော် ဘယ်တုန်းကမှ မတွေးဖူးတဲ့ အရာတွေကို လုပ်နိုင်ခဲ့ပါတယ်။ တစ်သက်လုံး မမေ့နိုင်မယ့် အမှတ်တရတွေကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ တစ်နေ့ကို ဒီကို ကျွန်တာ် ပြန်လာမယ်ဆိုတာကို သံသယမရှိကြပါနဲ့။ တစ်နေ့မှာ ကျွန်တော့်ကလေးတွေကို အန်ဖီးလ်ကို ခေါ်လာပြီး ဒီနေရာမှာ အဖေကစားခဲ့တယ်ဆိုတာကို ပြမှာဖြစ်ပြီး ကျွန်တော်တို့ရခဲ့တဲ့ အောင်မြင်မှုဗီဒီယိုတွေနဲ့ Highlight တွေကိုလည်း ပြသွားမှာပါ။ ဒီတော့ ကျွန်တော့်အတွက် လုပ်ပေးခဲ့တဲ့ အရာအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပြီး ခင်ဗျားတို့ရဲ့ ချစ်ခင်မြတ်နိုးမှုကို ကျွန်တော် ခံစားခဲ့ရတယ်။ ဒီကလပ်အသင်းကို ကျွန်တော် အမြဲတမ်းချစ်ခင်မြတ်နိုးသွားမှာပါ။ ဒီအသင်းက လူတွေအားလုံးနဲ့ ဒီအသင်းရဲ့ပရိသတ်တွေကို ကျွန်တော် အမြဲတမ်းချစ်ခင်မြတ်နိုးသွားမှာပါ။ ကစားသမားတစ်ယောက်အနေနဲ့ ထွက်ခွာ သွားပေမဲ့ လီဗာပူးလ်ပရိသတ်အဖြစ် ကျွန်တော် အမြဲတမ်း ရှိနေမှာပါ။

မူရင်းသတင်း — Eleven Media Group