
ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်တော့မည့် အီတလီဝါရင့်နည်းပြ အန်ဆယ်လော့တီသည် လစာငွေအဖြစ် တစ်နှစ် ယူရို ၁၀ သန်း ရမည်ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့လျှင် ယူရို ငါးသန်း အပိုထပ်ဆောင်းရမည်ဖြစ်ကြောင်း သိရသည်။
အန်ဆယ်လော့တီသည် ရီးယဲလ်အသင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ သက်တမ်းရှိနေသော်လည်း ရာသီကုန်တွင် နှစ်ဦးသဘောတူ လမ်းခွဲမည်ဖြစ်သည်။
၎င်းအနေဖြင့် ရီးယဲလ်သမိုင်းတွင် အအောင်မြင်ဆုံးနည်းပြ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား သုံးကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ လာလီဂါဖလား နှစ်ကြိမ်၊ စပိန်ဘုရင့် ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား နှစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်၊ အင်တာကွန်တီ နင်တယ်ဖလား တစ်ကြိမ် ရယူပေးခဲ့သည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီသည် ဘရာဇီးလ်လက်ရွေးစင်အသင်းကို မေ၂၆ ရက်မှစ၍ ကိုင်တွယ်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက အတည်ပြုကြေညာခဲ့သည်။
အန်ဆယ်လော့တီသည် ဘရာဇီးလ်အသင်းသမိုင်းတွင် ပထမဆုံး နိုင်ငံခြားသားနည်းပြအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
အန် ဆယ်လော့တီ(၆၅ နှစ်)သည် ရီးယဲလ်အသင်းကို နှစ်ကြိမ်ကိုင်တွယ်ကာ အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီကတည်းက လမ်းခွဲသတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုရာသီတွင်မူ အသင်းအနေဖြင့် အားနည်းချက်များရှိခဲ့သောကြောင့်
အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကလည်း အန်ဆယ်လော့တီကို နည်းပြအဖြစ် ခန့်အပ်ရန် ပြီးခဲ့သည့်နှစ်ကတည်းက ချိန်ရွယ်နေခဲ့ ခြင်းဖြစ်ပြီး ယခုအခါ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။