Eleven Media Group

ကွယ်လွန်သွားခဲ့သည့် တိုက်စစ်မှူး ဂျီးဆပ်စ်ဒယ်မီဂေးလ်အတွက် တယ်နာရီဖယ်အသင်း ဂုဏ်ပြုမှုပြုလုပ်

Photo: X

စပိန်ဒုတိယတန်းကလပ် တယ်နာရီဖယ်အသင်းသည် ကွယ်လွန်သွားခဲ့သည့် တိုက်စစ်မှူး ဂျီးဆပ်စ်ဒယ်မီဂေးလ်အတွက် အောက်မေ့ဂုဏ်ပြုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျီးဆပ်စ်ဒယ်မီဂေးလ်သည် ဘောလုံးကစားစဉ် ကစားသမားချင်း ထိခိုက်မိရာမှ နိုဝင်ဘာ(၃)ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း သေဆုံးပြီးနောက် ပထမဆုံးပြန်ကစားသည့်ပွဲတွင် တယ်နာရီဖယ်အသင်းက ဂုဏ်ပြုမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တယ်နာရီဖယ်အသင်းသည် မနေ့ညက အိမ်ကွင်းတွင် ဆယ်အူတာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲမစမီ နှစ်ဖက်ကစားသမားများက ဂျီးဆပ်စ်ဒီမယ်ဂေးလ်၏ အမည်၊ ကျောနံပါတ်(၉)နှင့် "Siempre en nuestro recuerdo" (Always in our memory) ဟူသည့် စာတန်းပါဝင်သော ဂျာစီများကို ဝတ်ဆင်ကာ ပန်းစည်းချဂုဏ်ပြုခဲ့ကြသည်။
ထို့နောက် ပွဲချိန်(၉)မိနစ်တွင် ပွဲကို ခေတ္တရပ်နားကာ ဂုဏ်ပြုခဲ့ကြပြီး တယ်နာရီဖယ်ကစားသမားများ ဂိုးသွင်းယူပြီးချိန်တွင်လည်း ဂျီးဆပ်စ်ဒယ်မီဂေးလ်၏ ဂျာစီကို ကိုင်မြှောက်ကာ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
တယ်နာရီဖယ်အသင်းသည် တစ်နှစ်အရွယ်သာရှိသေးသည့် ဂျီးဆပ်စ်ဒယ်မီဂေးလ်၏ သမီးလေးကို အသက်(၁၈)နှစ်ပြည့်သည်အထိ ထောက်ပံ့ကူညီပေးသွားမည်ဟု ကတိပြုထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — Eleven Media Group