
မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်သည် အသင်းနည်းပြဖြစ်လာပြီးနောက် ယခုရာသီတွင် အင်တာဗျူးပေါင်း (၄၉၁) ကြိမ်အထိ ဖြေကြားခဲ့ရကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် ယခုရာသီအစပိုင်းတွင် ရလဒ်များဆိုးရွားမှုများကြောင့် အသင်းနည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ကာ ၂၀၂၄ နိုဝင်ဘာလ (၁) ရက်တွင် ပေါ်တူဂီလူငယ်နည်းပြ အာမိုရင်မ်ကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အသက်(၄၀)အရွယ်ရှိ အာမိုရင်မ်သည် မန်ယူနိုက်တက်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၄ နိုဝင်ဘာ (၁၁) ရက်တွင် အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။
အာမိုရင်မ်အနေဖြင့် မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ပြီးနောက် အသင်းကို ယူရိုပါ လိဂ်ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပေးထားသော်လည်း ပရီးမီးယားလိဂ်တွင် ရလဒ်များ ဆိုးရွားနေဆဲဖြစ်ပြီး ပွဲစဉ် (၃၆) အပြီးတွင် ရမှတ် (၃၉) မှတ်ဖြင့်
အဆင့် (၁၆)နေရာအထိ ရောက်ရှိနေသည်။
သို့သော် အာမိုရင်မ်သည် မန်ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာပြီးနောက် အင်တာဗျူးပေါင်း (၄၉၁) ကြိမ်အထိ ဖြေကြားခဲ့ရကြောင်း သိရသည်။
ပရီးမီးယားလိဂ်သည် ရုပ်သံထုတ်လွှင့်သူများနှင့် ပွဲစဉ်မတိုင်မီ အသင်းနည်းပြများကို (၁၅) မိနစ်ကြာ အင်တာဗျူးလုပ်ခွင့် ပေးထားကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် အင်္ဂလန်နှင့် ကမ္ဘာ့တစ်ဝန်းတွင် အကျော်ကြားဆုံးအသင်းဖြစ်ရာ အာမိုရင်မ်မှာ အခြားပရီးမီးယားလိဂ်နည်းပြများထက် အင်တာဗျူးများကို ပိုဖြေခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပရီးမီးယားလိဂ် တရားဝင်ရုပ်သံထုတ်လွှင့်သူများသည် အာမိုရင်မ်နှင့် ပြုလုပ်ထားသည့် အင်တာဗျူးများကို လူမှုကွန်ရက်များတွင် တင်ခဲ့ရာ အခြားသူများထက် Engagement ပိုမြင့်မားခဲ့ကြောင်းလည်း သိရသည်။
အာမိုရင်မ်အနေဖြင့် ပရီးမီးယားလိဂ်စည်းမျဉ်းအတိုင်း အင်တာဗျူးများ ဖြေခဲ့သော်လည်း ၎င်း၏ပမာဏမှာ အလွန်များပြားနေကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် အာမိုရင်မ်အား အင်တာဗျူး ပြုလုပ်မှုနည်းပါးအောင် ကြိုးပမ်းခဲ့သော်လည်း အသင်း၏ပုံရိပ်ကြောင့် အာမိုရင်မ်မှာ မီဒီယာများ၏တောင်းဆိုမှု များပြားခဲ့ကြောင်း သိရသည်။