
လီဗာပူးလ်အသင်းသည် လေဗာကူဆင်နောက်ခံကစားသမား ဖရင်ပေါင်အား ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဟု ကြေညာထားသည့် အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်နောက်ခံကစားသမား ဖရင်ပေါင်အား ကာလရှည် ချိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ လီဗာပူးလ်အသင်းနှင့် ဖရင်ပေါင်တို့၏ဆွေးနွေးမှုမှာ တိုးတက်မှုများ ရှိနေပြီး လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
အသက် (၂၄) နှစ်အရွယ် နယ်သာလန်နောက်ခံကစားသမား ဖရင်ပေါင်သည် လေဗာကူဆင်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ယူရို (၃၅)သန်း (ပေါင် ၂၉ သန်း)ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းအနေဖြင့် ဖရင်ပေါင်၏စာချုပ်လျော်ကြေးကို ပေးချေရန် အသင့်ရှိနေပြီး လေဗာကူဆင်အသင်းဘက်ကလည်း ကစားသမားကို တားဆီးဖွယ်မရှိကြောင်း သိရသည်။
ဖရင်ပေါင်သည် ယခုရာသီတွင် လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၄၈) ပွဲကစားထား ပြီး လီဗာပူးလ်သို့ ပြောင်းရွှေ့ကစားရန် လိုလားနေကြောင်း သိရသည်။