
မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က ယခုရာသီ ပရီးမီးယားလိဂ်တွင် စံချိန်တင်ရလဒ်ဆိုးများနှင့် ကြုံတွေ့ခဲ့ရသော်လည်း မိမိအနေဖြင့် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့သည်။
အာမိုရင်မ်(၄၀ နှစ်)သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်တွင် မန်ယူနိုက်တက်အသင်းနည်းပြအဖြစ် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်ခံခဲ့ရသည်။
သို့သော် အာမိုရင်မ်လက်ထက်တွင် မန်ယူနိုက်တက်အသင်းမှာ ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရပြီး ပွဲစဉ် (၃၆) အပြီးတွင် ရမှတ် (၃၉) မှတ်ဖြင့် အဆင့် (၁၆) နေရာထိ ရောက်ရှိနေသည်။
ယင်းမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မန်ယူနိုက်တက်အသင်း၏ အဆိုးရွားဆုံးရပ်တည်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
မေလ (၁၁) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ရလဒ်များတိုးတက်လာခြင်းမရှိပါ က ၎င်းအနေဖြင့် မန်ယူနိုက်တက်နည်းပြရာထူးမှ ထွက်ခွာသွားရနိုင်သည်ဟု ပြောကြားခဲ့သည်။
ထို့ ကြောင့် မန်ယူနိုက်တက်ပရိသတ်များသည် အသင်းနည်းပြ အာမိုရင်မ် အသင်းမှထွက်ခွာသွားမည်ကို စိုးရိမ်ခဲ့ကြကြောင်း သိရှိရသည်။
သို့သော် မေလ (၁၄)ရက်က ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံမှုတွင်မူ အာမိုရင်မ်က ၎င်းအနေဖြင့် အသင်းမှထွက်ခွာရန် အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်က ''ကျွန်တော် ဒီ(မန်ယူနိုက်တက်) ကို စရောက်ကတည်းက အဆင့်အတန်းအကြောင်းကို အမြဲပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို သိသလို၊ အသင်းရဲ့ပြဿနာတွေကိုလည်း နားလည်ပါတယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ အသင်းက ထွက်ခွာဖို့ အစီအစဉ်မရှိသေးပါဘူး။ အသင်းအနေနဲ့ စွမ်းဆောင်မှုကောင်းဖို့ လိုတယ်လို့ပဲ ပြောခဲ့တာပါ''ဟု ဆိုခဲ့သည်။
မန်ယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် ရုန်းကန်နေရသော်လည်း ယူရိုပါလိဂ်တွင် ဗိုလ်လုပွဲတက်ရောက်ထားပြီး စပါးအသင်း နှင့် မေ (၂၁) ရက်တွင် ကစားရမည်ဖြစ်သည်။