Eleven Media Group

ယူရိုပါလိဂ်ဖလားကို ရယူရန်လိုအပ်ဟု ဗန်ဒီဗန် ဆို

Photo: X

စပါးနောက်ခံကစားသမား ဗန်ဒီဗန်က ၎င်းတို့အသင်းအနေဖြင့် ယူရိုပါလိဂ်ဖလားကို ရယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားနေပြီး ပွဲစဉ် (၃၆)အပြီးတွင် ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၁၇) နေရာအထိ ရောက်ရှိနေသည်။
ထို့ကြောင့် အသင်းနည်းပြ ပိုစတီကိုဂလူးမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး ယခုရာသီကုန်တွင် အသင်းနည်းပြရာထူးမှထုတ်ပယ်ခံရမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
သို့သော် စပါးအသင်းသည် ယူရိုပါလိဂ်တွင် ဗိုလ်လုပွဲတက်ရောက်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူနိုက်တက်နှင့်တွေ့ဆုံ နေသည်။
ထို့ကြောင့် ဗန်ဒီဗန်က ''ချန်ပီယံလိဂ်မှာ ကစားချင်ပါတယ်။ ဒါပေမဲ့ ဖလားရဖို့ လိုပါတယ်။ စပါးပရိသတ်တွေက သူတို့ဖလားမရတာကြာပြီလို့ ပြောနေကြတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသင်းပရိသတ်တွေအောင်ပွဲခံနိုင်အောင် တစ်ခုခု လုပ်ပေးချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ၂၀၀၈ တွင် လိဂ်ဖလားရပြီးနောက် ဆုဖလားများနှင့်ကွာဝေးနေခဲ့သည်မှာ (၁၇)နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။
စပါးအသင်းသည် ယခုရာသီ မန်ယူနိုက်တက်နှင့် ပြိုင်ပွဲစုံ (၃) ကြိမ်တွေ့ဆုံရာတွင် (၃) ကြိမ်စလုံး အနိုင်ရထားသည်။

မူရင်းသတင်း — Eleven Media Group